Trending Now

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် ၇ ရက် Quarantine ဝင်ရောက်ရမည်

Spread the love

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် ၇ ရက် Quarantine ဝင်ရောက်ရမည်

EPN
မြစ်ကြီးနား၊ မေ ၇

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၉ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို မေလ (၁၈) ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ပြီး လွှတ်တော်တက်ရောက်မည့် ကိုယ်စားလှယ်များအနေနှင့် လွှတ်တော်မကျင်းပမီ (၇)ရက် Quarantine ဝင်ရောက်ရမည်ဟု ကချင်ပြည်နယ်လွှတ်တော်မှ သိရသည်။

ယခုကာလသည့် COVID-19 ကာကွယ်ရေးကာလဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် မြို့နယ်အသီးသီးမှ ကချင်ပြည်နယ်လွှတ်တော်ရုံးသို့ လာရောက်စဉ် ရောဂါ၊ ရှိ၊ မရှိ ကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှု ခံယူနိုင်စေရန်အတွက် မေလ ၉ရက်နေ့ထက်မစော ၁၀ ရက်နေ့ ထက် နောက်မကျစေဘဲ ပြည်နယ်လွှတ်တော် ဧည့်ရိပ်သာရုံးတွင် Quarantine ဝင်ရောက်ရန် အတွက် လွှတ်တော်ကိုယ်စားလှယ်အားလုံးကို အသိပေးအကြောင်းကြား ထားကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်က ပြောသည်။

“Quarantine ဝင်ရမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအတွက် Quarantine ဝင်တဲ့အချိန်နဲ့ လွှတ်တော်ကျင်းပနေတဲ့ အချိန်တွေမှာ ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းထားပြီး ဖြစ်သလို၊ စားရေးသောက်ရေးကိစ္စတွေကိုပါ စီစဉ်ဆောင်ရွက်ပေးထားတယ်လို့” ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က ဆိုသည်။

မေလ ၁၈ ရက်နေ့ကျင်းပမည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၉ကြိမ်မြောက် ပုံမှန်အစည်းအဝေးနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ယခုကဲ့သို့ ပြောပြသည်။

“COVID -19 ရောဂါနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ အရေးကြီးအဆိုတွေ တင်သွင်းခဲ့တယ်။ လွှတ်တော်ဥက္ကဋ္ဌ က လက်မခံခဲ့တာဖြစ်တဲ့အတွက် ဒီတစ်ခေါက်အစည်းအဝေးမှာတော့ ဒီအဆိုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှု မရှိလောက်ဘူးထင်ပါတယ်၊ ဒီတစ်ခေါက် အစည်းအဝေးကတော့ ၂၀၂၀-၂၀၂၁ (BE) လျာထားချက်ကို အတည်ပြုချက် ယူမယ်လို့ပဲထင်ပါတယ်၊ (RE) ကတော့ ပြည်ထောင်စုက မစသေးဘူးဆိုတော့ မဆွေးနွေးသေး လောက်ပါဘူး” ဟု ဦးချန်တန်ခင်က ဆိုသည်။

လက်ရှိ မြစ်ကြီးနားမြို့အတွင်းမှာ နေထိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း မိမိနေအိမ်မှာ နေထိုင်စဉ် ကာလမှာ COVID- 19 ကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ညွှန်ကြားထားတဲ့ အတိုင်း လိုက်နာဆောင်ရွက်ရန် ထပ်မံညွှန်ကြားထားကြောင်းနှင့် COVID-19 ကာကွယ် ထိန်းချုပ်သည့်အနေနှင့် ယခုကျင်းပမည့် (၁၉) ကြိမ်မြောက် ပြည်နယ်လွှတ်တော် ပုံမှန် အစည်းအဝေးသို့ ပြင်ပမှ လာရောက်လေ့လာခွင့်ကို ပိတ်ပင်ထားကြောင်း ကချင်ပြည်နယ်လွှတ်တော်မှ သိရသည်။

မင်းဝေယံ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။