Trending Now

မြစ်ကြီးနားမြို့တွင် လိဂ်အမှတ်ပေးပုံစံဖြင့် ကစားမည့် U21 League ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်

Spread the love

မြစ်ကြီးနားမြို့တွင် လိဂ်အမှတ်ပေးပုံစံဖြင့် ကစားမည့် U21 League ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်

EPN
မြစ်ကြီးနား၊ မတ် ၁၃(၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် လိဂ်အမှတ်ပေးပုံစံဖြင့် ကစားမည့် U21 League ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ဇွန်လတွင် ကျင်းပပြုလုပ်မည့် တိုင်းနှင့်ပြည်နယ် U21 အမျိုးသားဘောလုံးပြိုင်ပွဲအတွက် ကချင်ပြည်နယ်ကိုယ်စားပြု အနေဖြင့် ရွေးချယ်သွားရန်အတွက်လည်းကောင်း၊ ပြည်နယ်၏ မျိုးဆက်သစ် အားကစားသမားများ ပေါ်ပေါက်လာရေး၊ ဘောလုံးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ကာ ယင်းဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

” အဓိကရည်ရွယ်တာက တိုင်းနဲ့ ပြည်နယ် ပွဲအတွက် ရည်ရွယ်ပြီး လူရွေးချယ်ပွဲဆောင်ရွက်တာဖြစ်တယ်။ နောက်ပြီး ပုံမှန်ဆိုရင်က အုပ်စုပွဲပြုလုပ်ပြီး မြို့နယ်အသီးသီးက ကစားသမားတွေ ခေါ်ကန်တယ်။ အခုက လမ်းပန်ဆက်သွယ်ရေး အခက်အခဲတွေကြောင့် ကစားနည်းပုံစံအပြောင်းအလဲလေးဖြစ်အောင် လိဂ်ပုံစံနဲ့ ကန်သွားမှာဖြစ်တယ်။ ပုံမှန်က လိဂ်ဆိုရင် နှစ်ကျော့ကန်တယ်။ ဒီပွဲစဉ်မှာတော့ တစ်ကျော့ပဲ ကန်သွားမှာဖြစ်တယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ U21 League ဘောလုံးပြိုင်ပွဲကို သင်္ကြန်ပြီးကာလတွင် ကစားသွားရန် လျာထားပြီး အသင်းပေါင်း (၈) သင်းဖြင့် ကစားသွားမည်ဖြစ်ကာ ပထမဆု သိန်း (၂၀)၊ ဒုတိယဆု (၁၅) သိန်း၊ တတိယဆု (၁၀)သိန်း၊ စတုတ္ထဆု (၅)သိန်းနှင့် နေရာအလိုက် အကောင်းဆုံးဆုများ ချီးမြှင့်သွားရန် လျာထားကြောင်း သိရသည်။

လက်ရှိတွင်လည်း ပြည်နယ်နှင့်တိုင်း U25 အမျိုးသားဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်ကစားလျက်ရှိရာ ကချင်ပြည်နယ်အနေဖြင့် မကွေးတိုင်း၊ တနင်္သာရီတိုင်းတို့နှင့် တစ်အုပ်စုထဲ ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။