Trending Now

KIA နှင့် PDF တပ်ဖွဲ့ဝင်များက ရှမ်းနီဆရာတော် တစ်ပါးအား ဖမ်းဆီးခေါ်ဆောင်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့

Spread the love

KIA နှင့် PDF တပ်ဖွဲ့ဝင်များက ရှမ်းနီဆရာတော် တစ်ပါးအား ဖမ်းဆီးခေါ်ဆောင်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့

EPN
အင်းတော်၊ စက်တင်ဘာ ၃၀ (၂၀၂၃)

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာနှင့် ပင်ဝယ်ရွာ ကြားရှိ နဘားကျေးရွာအုပ်စု၊ ပင့်တင်ကျေးရွာမှ ရှမ်းနီဘုန်းတော်ကြီး ကျောင်းမှ ကျောင်းထိုင် ဆရာတော် ဥူးဉာဏ္ဏိတ အား ယမန်နေ့က KIA နှင့် PDF တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ဟု ဆရာတော်၏ တပည့်တော်များထံက သိရသည်။

KIA နှင့် PDF တပ်ဖွဲ့ဝင်များမှ စက်တင်ဘာလ ၂၈ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် သက်တော် (၅၃) ဝါတော် (၃၂) ဝါ ရှိ ရှမ်းနီဆရာတော် ဥူးဉာဏ္ဏိတ သီတင်းသုံးရာ ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာကာ တောဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းအထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် ရွာသူရွာသားအချို့နှင့် တပည့်ဒါယကာများက စိတ်ပူ၍ လိုက်လံရှာဖွေခဲ့ကြရာ ယနေ့၌ တောအစပ်တွင် ရက်စက်စွာ သတ်ဖြတ်ခြင်းခံထားရသော ဆရာတော်ကြီး၏ ရုပ်အလောင်းကိုသာ ပြန်တွေ့ခဲ့ရကြောင်း သိရသည်။

“အဲ့ဒီနေ့က ညအစောပိုင်းက ဆရာတော်ဘုရားက ကျောင်းမှာ ရေနွေးကြမ်း ဘုန်းပေးနေတဲ့အချိန် လက်နက်တွေ ကိုင်လာကြတဲ့ KIA တွေ PDF တပ်ဖွဲ့ဝင်တွေ အယောက် ၂၀ လောက် ရောက်လာတယ်၊ မေးစရာရှိလို့ ဆိုပြီး ဆရာတော်ကြီးကို ခေါ်သွားကြတယ်၊ နောက်ရက်တော့ တောစပ်မှာ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတဲ့ ဆရာတော်ဘုရားရဲ့ ရုပ်အလောင်းကိုသာ တွေ့ရတာပဲ၊ သူတို့ပဲ သတ်လိုက်တာ”ဟု ရွာခံ တစ်ဦးက ပြောပြသည်။

KIA/ PDF အဖွဲ့ဝင်များသည် ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် နေထိုင်လျှက်ရှိကြသည့် ရှမ်းနီတိုင်းရင်းသားများကို ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီးများအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများကို အကြိမ်ကြိမ် ကျူးလွန်နေကြသည့်အပြင် ၂၀၂၂ နိုဝင်ဘာလ (၁၉) ရက်နေ့ကလည်း KIA/ PDF အဖွဲ့ဝင်များသည် ဟုမ္မလင်းမြို့နယ် နမ့်နမ်း ကျေးရွာတွင် ရှမ်းရိုးရာ ယဉ်ကျေးမှု အနုသုခုမ ပစ္စည်းများ ဖြစ်သည့် အိုးစည်၊ ဗုံ၊မောင်းဆိုင်းများကို မီးရှို့ဖျက်စီးခဲ့ကြကြောင်းလည်း သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။