Trending Now

မြစ်ကြီးနားမြိုရှိ ကုန်စုံဆိုင်တချို့ တစ်သောင်းတန်ငွေအတုဖြင့် အလိမ်ခံနေရ

Spread the love

မြစ်ကြီးနားမြိုရှိ ကုန်စုံဆိုင်တချို့ တစ်သောင်းတန်ငွေအတုဖြင့် အလိမ်ခံနေရ

EPN

မြစ်ကြီးနား ၊ဧပြီ ၈

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ပေါ်ရှိ ဆန်ဆိုင်နှင့် ကုန်စုံဆိုင်တချို့ ယခုရက်ပိုင်းအတွင်း တစ်သောင်းတန်ငွေအတုဖြင့် အလိမ်ခံရပြီး ကုန်ပစ္စည်းဝယ်ယူသွားသည့်ဖြစ်စဉ်များဖြစ်ပွားနေကြောင်း မြစ်ကြီးနားမြို့ပေါ်ရှိ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရသည်။

ငွေတစ်သောင်းတန်အတုဖြင့် ကုန်ပစ္စည်း လိုက်လံဝယ်ယူနေသူမှာ ခပ်ဝဝအမျိုးသမီးတစ်ဦးဖြစ်ပြီး ယမန်နေ့ တစ်ရက်ထဲ၌ ရမ်ပူ၊ မန်ခိန် ရပ်ကွက်တို့တွင် ကုန်ပစ္စည်းများ လိုက်လံဝယ်ယူသွားကြောင်း နှင့် ၎င်းသွားပြီးနောက် ပိုက်ဆံစစ်ဆေးကြည့်ရာမှ နံပါတ်တူ တစ်သောင်းတန်အတုများဖြစ်နေသည်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

“မနေ့က ဆန်ဆိုင်မှာ အဖေတစ်ယောက်တည်းရှိနေတုန်း ဆန်တစ်အိတ်လာဝယ်တာ အဖေကလည်း မသိတော့ယူထားမိလိုက်တာ ပြန်စစ်ကြည့်တဲ့အခါမှ နံပါတ်တူ တစ်သောင်းတန်အတုတွေဖြစ်နေတယ် တခြားဆိုင်တွေလည်း အလိမ်ခံလိုက်ရတာတွေရှိတယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်တန်း ထားတာမျိုးမရှိသော်လည်း လာရောက်ဖြေရှင်းပေးရန် တောင်းဆိုထားကြောင်း အလိမ်ခံလိုက်ရသည့် ဆိုင်ရှင်တစ်ဦးက ပြောဆိုသည်။

“ငွေအတုနဲ့ လိုက်ဝယ်နေတဲ့အမျိုးသမီးကိုတော့ အခုချိန်မှာ တိုင်ချက်ဖွင့်တာမျိုးမရှိဘူး သူတို့အနေနဲ့ လာပြန်လဲပေးရင်ပေါ့ သူတို့ကို သိတဲ့သူကသိတယ်လို့‌ပြောတယ် သူတိုရှိတဲ့နေရာကို လိုက်သွားပေးမယ်ပြောတယ်”ဟု ငွေအတုနှင့်အလိမ်ခံရသည့် အမျိုးသမီးကပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ သက်ဆိုင်နယ်မြေရဲစခန်းသို့ EPN သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ ငွေအတုကိစ္စနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ လာရောက်တိုင်တန်းအမှုဖွင့်တာမျိုးမရှိကြောင်းသိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။