Trending Now

မဟာဗျူဟာမြောက် နည်းပညာကျကျ ဆန်းစစ်ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ ရေအားလျှပ်စစ်

Spread the love

မဟာဗျူဟာမြောက် နည်းပညာကျကျ ဆန်းစစ်ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ ရေအားလျှပ်စစ်

EPN
ဆောင်းပါး၊ ဇန်နဝါရီ ၅၊ ၂၀၂၃
ကောင်းဇေ ရေးသည်။

EPN_Article_2023_January_5
Written By Kaung Zay

ယနေ့ အချိန်၌ သဘာ၀နဲ့ လူမှုဘ၀ ပတ်၀န်းကျင် ထိခိုက်မှုကို အကြောင်းခံ၍ ရေအားလျှပ်စစ် တမံများအပေါ် မကြာခဏ ကျယ်ကျယ်လောင်လောင် ဝေဖန် ပြစ်တင် ပြောဆိုနေကြတာကိုတွေ့ရပါတယ်။ ဒီကိစ္စနှင့်စပ်လျဥ်းပြီးတော့ ရေအားလျှပ်စစ်တမံ အားလုံးဟာ အဆိုးချည်းဘဲလားလို့ မေးစရာဖြစ်လာပါတယ်။

ရေအားလျှပ်စစ် တည်ဆောက်ခြင်းဟာ လူသားတွေအတွက် ရေဘေး၊ ငလျင်ဘေး တွေကြောင့် အန္တရာယ်အရှိဆုံးဖြစ်တဲ့ လုပ်ရပ်လို့ ထင်ကြတဲ့လူတွေလည်းရှိပါတယ်။ ရေအားလျှပ်စစ် တည်ဆောက် တော့မယ်ဆိုရင် ဖြစ်ကတတ်ဆန်း တည်ဆောက်ရတာ မဟုတ်ပါဘူး။
တည်ဆောက်မယ့် မြေနေရာအနေအထား၊ ငလျင်ကျောရှိမရှိ၊ ခိုင်ခန့်မှု အနေအထားတွေကို သေချာစိစစ်တိုင်းတာပြီးမှ ဆောက်လုပ်ရတာဖြစ်ပါတယ်။ တကယ်တော့ လူသားတွေအတွက် အန္တရာယ်ရှိခြင်း၊ မရှိခြင်းဆိုတဲ့ တွေးခေါ်ခြင်းဟာ တည်ဆောက်တဲ့ နည်းပညာပိုင်းနဲ့ အသုံးပြုထားတဲ့ စက်ပစ္စည်းပိုင်းဆိုင်ရာမှာ အဓိက မူတည်တယ်လို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လူသားတွေအတွက် အန္တရာယ်ရှိတဲ့ အရာဟာ ဒီရေအားလျှပ်စစ် တစ်ခုတည်းမဟုတ်ပါဘူး။ ဘယ်အရာပဲဖြစ်ဖြစ် လုပ်ဆောင်ချက်ဟာ အရည်အသွေး မှီမှီ မလုပ်ထားတဲ့ အရာမှန် သမျှဟာ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

နည်းပညာမြောက် စူးစမ်းလေ့လာပြီး ရရှိလာတဲ့ ရလာဒ်တွေအပေါ်မှာ အခြေခံတွက်ချက်ပြီး တိကျ အသေးစိတ်တဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်စေတဲ့ ဒီဇိုင်းထုတ်လုပ်ခြင်း၊ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံပြည့်၀တဲ့ ပညာရှင်တွေ၊ ၀န်ထမ်းတွေနဲ့ အကောင်အထည်ဖေါ်ခြင်း၊ အရည်အ သွေးကောင်းမွန်ပြီး စံချိန်မီတဲ့ ပစ္စည်းတွေကို သုံးစွဲခြင်း၊ ပုံမှန် စောင့်ကြည့် အကဲဖြတ်ခြင်းနဲ့ ထိန်းသိမ်းဆောင်ရွက်ခြင်းတို့နဲ့ အကောင်အထည်ဖေါ်ထားတဲ့ ရေအားစက်ရုံတစ်ခုဟာ သန့်ရှင်းပြီး စျေးနှုန်းသက်သာတဲ့ လျှပ်စစ်ဓါတ်အားကို ဆယ်စုနှစ်များစွာ ထုတ်လုပ်ပေးနိုင်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကို လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာကြီးပူနွေးမှုကြောင့် စိမ့်မြေတွေ (Wetlands) အပေါ် ပတ်၀န်းကျင်ဆိုင်ရာ သက်ရောက်မှုတွေကိုလည်း လျော့ပါးစေပါတယ်။

ဒါကြောင့် ဘယ်အရာကိုပဲ လုပ်ဆောင် လုပ်ဆောင် လူ့ပတ် ဝန်းကျင်အတွက် အကျိုးပြုမှုအပြင် ဆိုးကျိုးနည်းအောင်လည်း ဆောင်ရွက်တတ်ရမှာဖြစ်ပါတယ်။ဒီနေရာမှာ ပညာရှင်တွေရဲ့ အဆိုအမိန့်အရ သဘာဝပတ်ဝန်းကျင်ဆိုတာ ဒီတိုင်းနေရင် လူတွေအတွက်အကျိုးပေးနိုင်မှာ မဟုတ်ပါဘူးတဲ့။ အဲဒီပတ်ဝန်းကျင်ကို ဒီအတိုင်းထားမယ့်အစား လူတွေအတွက် ပတ်ဝန်းကျင်လည်း မပျက်စီးစေဘဲ အကျိုးကျေးဇူးရမယ့် နည်းလမ်းကို ရွေးချယ်ရမယ်လို့ ဆိုထားပါတယ်။ ရေအားလျှပ်စစ် တည်ဆောက်ရင် နွေရာသီကာလမှာ ရေခန်းခြောက်သွားပြီး ရေရှားလို့ လျှပ်စစ်မီး ပြတ်တာတွေလည်း မကြာမခဏ ကြုံတွေ့မယ်ဆိုတဲ့ ပြောဆိုမှုတွေ လည်း ရှိနေကြတာ တွေ့ရပါတယ်။

စုစုပေါင်း သဘာ၀အရင်းအမြစ်တွေကနေ ဓါတ်အားထုတ်လုပ်မှုရဲ့ (၇၀ ရာခိုင်နှုန်း) ကို ရေအားလျပ်စစ်ကနေ ရရှိပါတယ်။ သို့ရာတွင် သဘာ၀နဲ့ လူမှုဘ၀ ပတ်၀န်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် ယခုအခါ ရေအားတမံ တည်ဆောက်မှုများစွာကို ရွှေ့ဆိုင်းထားရတာတွေ တွေ့ရှိနေရပါတယ်။ လူအများစုကလည်း ရေအားတမံတွေ တည်ဆောက်ရင် မြစ်တွေရဲ့ ဂေဟစနစ်ကို ကြီးစွာအနှောက်အယှက်ပြုနိုင်တယ်၊ သစ်တောပြုန်းတီးနိုင်တယ်၊ ဇီ၀မျိုးကွဲတွေ ဆုံးရှုံးနိုင်တယ်။ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု မြင့်တက်လာနိုင်တယ်။ လူပေါင်းများစွာ အိုးအိမ်တွေ ပြောင်းရွှေ့ပေးရနိုင်တယ် စသည်ဖြင့် အမျိုးမျိုးသော စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေကြ ရပါတယ်။

သဘာ၀ပါတ်၀န်းကျင်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ရေအားတမံစီမံကိန်းတွေဟာ သဘာ၀ပတ်၀န်းကျင်နဲ့ လူမှုစီးပွါးဘ၀ သက်ရောက်မှုတွေကြောင့် အလေးသာမှု လျော့ကျလာနေတယ်လို့ လှုံ့ဆော်လျက် ရှိကြပါတယ်။ ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုအတွက် သန့်ရှင်းတဲ့ ဖွံ့ဖြိုးမှု လုပ်ငန်းစဥ် ဆိုင်ရာ ကုလသမဂ္ဂ မူဘောင် သဘောတူညီမှု ( United Nations Framework Convention on Climate Change Clean Development Mechanism ) ကို ကိုးကားပြီး ဆန့်ကျင်မှုတွေ ပြုလုပ်တာတွေ နိုင်ငံရေးစကားဝိုင်းတွေမှာ ထည့်သွင်း ဆွေးနွေးတာတွေကိုလည်း ပြုလုပ်လာကြပါတယ်။

တစ်ဖက်မှာလည်း ရေအားလျှပ်စစ်စီမံကိန်းတွေကို အရှိန်အဟုန်ဖြင့် တည်ဆောက်နေကြဆဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ရေအားလျှပ်စစ်ဟာ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုနည်းပါးခြင်း၊ စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက် အကူပြုခြင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ရေကြီးရေလျှံမှုတွေကို ထိန်းချုပ်ပေးခြင်း အစရှိတဲ့ အားသာချက်တွေ ရှိနေလို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ချမ်းသာတဲ့ နိုင်ငံတွေဟာ မိမိတို့ ပိုင်ဆိုင်ထားတဲ့ ရေသယံဇာတတွေကို ဒီအတိုင်းမထားရှိဘဲ လူသားတွေအတွက် အကျိုးဖြစ်စေတဲ့ နည်းလမ်းအဖြစ် အသုံးပြုကြတာဖြစ်ပါတယ်။ အရိုးရှင်းဆုံး ပြောရရင် မြစ်ချောင်း၊ အင်းအိုင်တွေကို ကောင်းတဲ့ဘက်က စီမံခန့်ခွဲပြီးတော့ လက်တွေ့အသုံးချကာ လူသားတွေရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြားက ပဋိပက္ခ ဖြေရှင်းနိုင်တာကို တွေ့ရပါတယ်။

ရေအားလျပ်စစ်ဟာ အရေးကြီးတဲ့ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ် ဖြစ်တဲ့အပြင် အခြားသော အရင်းအမြစ်တွေနဲ့ ပေါင်းစပ်အကောင်အထည်ဖေါ်ဖို့ အတွက်လည်း လက်နက်ကောင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ဖြစ်ပေါ်လာတဲ့ စိမ့်မြေတွေမှာ ဇီ၀မျိုးကွဲတွေ အတွက် အသုံးပြုနိုင်သလို ရေဆိုးသန့်စင်ခြင်း အတွက်လည်း သုံးနိုင်ပါသေးတယ်။ ရေကြီးခြင်းကို ထိန်းချုပ်ပေးဖို့နဲ့ ငါးဖမ်းလုပ်ငန်း နေရာအသစ်တွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။

သဘာဝက ပေးတဲ့ ရေကိုအခြေခံပြီး တည်ဆောက်ထားတာဖြစ်လို့ တခြားသဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုမရှိပါဘူး။ ရေခန်းခြောက်တဲ့ နွေရာသီကာလမှာ ထုတ်သုံးဖို့ ရေကို စနစ်တကျ သိုလှောင်ထားတဲ့အတွက် ရေနည်းပြီး စက်ရုံလည်ပတ်ဖို့ ခက်ခဲတဲ့ပြဿနာအတွက် စိုးရိမ်စရာ မရှိပါဘူး။ ရေများတဲ့ မိုးတွင်းရာသီမှာ ရေတမံအန္တရာယ်မရှိအောင် ရေထွက်ပေါက်တွေ လုံလုံလောက်လောက်နဲ့ တည်ဆောက်ထားတဲ့ အတွက် လည်း စိုးရိမ်စရာမရှိပါဘူး။ လက်ရှိ ကမ္ဘာမှာ ဖွံ့ဖြိုးပြီး နိုင်ငံတွေက ရေအားလျှပ်စစ်ရဲ့ အားသာချက်တွေ၊ ကောင်းကျိုးတွေကို သိမြင်ကြပြီး လက်တွေ့အကောင်အထည် ဖေါ်ကြပါတယ်။

ဒါပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာတော့ ရေသယံဇာတ နည်းပါးတဲ့ ပဋိပက္ခဟာ စိန်ခေါ်မှုကြီး တစ်ခုလိုရှိနေပါတယ်။ တစ်ချို့ ရေအရင်းအမြစ် ကြွယ်ဝတဲ့ နိုင်ငံတွေဆိုလဲ ရှိပြီးသား ရေသယံဇာတတွေကို ကောင်းကောင်းမစီမံနိုင်လို့ စီးပွားရေး ဖွံ့ဖြိုးတက်မှုနဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ကြားမှာရှိတဲ့ ပဋိပက္ခတွေကို အဖြေရှာဖို့ ခက်ခဲနေတာကို တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတွင်း လျှပ်စစ်မီးဟာ မရှိမဖြစ် လိုအပ်နေတဲ့ နည်းတူ အဲဒီလျှပ်စစ်မီးကို ဘယ်ကနေ ထုတ်ယူရမလဲ ဆိုတဲ့အချက်ကို တွေဝေမနေဖို့ လိုပါတယ်။

၂၀၁၆ခုနှစ် International Hydropower Associatoin (IHA) အစီရင်ခံစာအရ ပြန်ပြည့်မြဲစွမ်းအင် ထဲမှာ ရေအားလျှပ်စစ်ဟာ ၇၁ ရာခိုင်နှုန်းအထိ ပါဝင်နေတယ်လို့ ဖေါ်ပြထားပါတယ်။ ကမ္ဘာမှာလည်း တပ်ဆင်စက်အင်အား ၁၀၆၈ GW ( Gigawatt) အထိ ရောက်ရှိလာပြီး နှစ်စဉ် ၄ ရာခိုင်နှုန်း အထိကို တိုးတက်လာတယ်လို့ ဆိုထားပါတယ်။ ၂၀၅၀ ပြည့်နှစ်မှာတော့ တစ်ကမ္ဘာလုံး ရေအားလျှပ်စစ် တပ် ဆင်အင်အားဟာ ၂ဝ၅ဝ GW( Gigawatt) ရှိလာမယ်လို့ ဆိုလို့ရပါတယ်။

အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် ရေအားတမံတွေကနေ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်းကို ယနေ့အထိ အားထားနေရဆဲပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အရင်းအမြစ် ပေါကြွယ်ဝမှုဟာ ရေအရင်းအမြစ် ဖြစ်တဲ့အတွက် အဲဒီအရင်းအမြစ်တွေကို ပိုမို အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။ ရေအရင်းအမြစ်ကို လက်တွေ့ အသုံးမချနိုင် သေးသ၍တော့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ဖြစ်နိုင်ချေ ရာခိုင်နှုန်း အင်မတန်မှကို နည်းပါးလွန်းမှာ ဖြစ်ပါတယ်။ လက်ရှိ မြန် မာနိုင်ငံရဲ့ လေးဆယ်ရာခိုင်နှုန်းခန့်သာ လျှပ်စစ်မီးကို ရရှိနိုင်တဲ့အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆိုတာ ရာခိုင်နှုန်းများစွာ လိုအပ်နေပါတယ်။ သက်ရောက်မှုအနည်းဆုံးနဲ့ ဆောင်ရွက်နိုင်ဖို့အတွက် သိပ္ပံ ပညာရှင်တွေ၊ အင်ဂျင်နီယာပညာရှင်တွေ၊ ပါတ်၀န်းကျင်ထိန်းသိမ်းရေးပညာရှင်တွေ၊ မူဝါဒချမှတ်သူတွေ၊ ရေအရင်းအမြစ်ပညာရှင်တွေ၊ ဘဏ္ဍရေးအဖွဲ့အစည်းတွေ အားလုံးပါ၀င်တဲ့ မဟာဗျူဟာမြောက် နည်းပညာကျကျ ဆန်းစစ်ဆောင်ရွက်ပြီး ရေရှည်ဖွံ့ဖြိုးရေးကို ရှေ့ရှုလုပ်ဆောင်သွားကြဖို့ လိုအပ်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။

ကောင်းဇေ
May be an image of body of water

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။