Trending Now

ခရမ်းကျောင်းတိုက်တွင် အသစ်ဆောက်လုပ်လျှက်ရှိသည့် နှစ်ထပ်ကျောင်းဆောင် ဖောင်ဒေးရှင်း ဆောက်လုပ်မှု (၈၀) ရာခိုင်နှုန်းကျော်ပြီးစီး

Spread the love

ခရမ်းကျောင်းတိုက်တွင် အသစ်ဆောက်လုပ်လျှက်ရှိသည့် နှစ်ထပ်ကျောင်းဆောင် ဖောင်ဒေးရှင်း ဆောက်လုပ်မှု (၈၀) ရာခိုင်နှုန်းကျော်ပြီးစီး

EPN
မြစ်ကြီးနား၊ ဇန်နဝါရီလ ၁၇ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်တွင် အသစ်ဆောက်လုပ်လျက်ရှိသည့် နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုမှာ လက်ရှိအချိန်တွင် ဖောင်ဒေးရှင်း (၈၀) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း ကျောင်းဆောင်ဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။

ခေတ်ကာလ ပြောင်းလဲလာသည်နှင့် အမျှ ခရမ်းကျောင်းတိုက်တွင် ဒါယကာ၊ ဒါယိကာမဦးရေ တိုးများလာသည့်အတွက် လှူဒါန်းမှုများ၊ အခမ်းအနားများပြုလုပ်ရာတွင် အဆင်ပြေနိုင်စေရန်ရည်ရွယ်ကာ ကျောင်းဆောင်သစ်ကြီးကို ဆောက်လုပ်ရခြင်းဖြစ်ကြောင်း ကျောင်းဆောင်ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” အခုနောက်ပိုင်းမှာက အလှူရှင်တွေ၊ ဒါယကာ၊ ဒါယိကာမတွေ တိုးလာတော့ အခမ်းအနား တစ်ခုလုပ်ရင် လူကမဆံ့တာတွေဖြစ်တယ်။ ဒီတော့ အများလဲ ကောင်းကောင်းမွန်မွန်နဲ့ ဆောင်ရွက်ခွင့်ရအောင် ဆရာတော်ကြီးရဲ့ ဒါယိကာမတစ်ဦးကနေ မတည်ပြီး အခြားအလှူရှင်တွေစုပေါင်းပြီးတော့ စတင်ဆောက်လုပ်ခဲ့တာပါ။ အခုဆိုရင် (၂) လကျော် ကြာပြီ။ အောက်ခြေဖောင်ဒေးရှင်းတော့ (၈၀) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်တယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ နှစ်ထပ်ကျောင်းဆောင်သစ်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့မှ စတင်ကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် လှူဒါန်းငွေ ကျပ် (၁၂၀၀)ကျော် အသုံးပြုပြီးဖြစ်ကာ ဖောင်ဒေးရှင်းဆောက်လုပ်နေမှုမှာ (၈၀) ရာခိုင်နှုန်းကျော် ပြီးစီနေပြီဖြစ်ကြောင်း သိရသည်။

ယင်း နှစ်ထပ်ကျောင်းဆောင်သစ်ကို ခရမ်းကျောင်းတိုက်အတွင်း အလျား ၁၂၅ ပေ၊ အနံ ၇၅ ပေဖြင့် RC နှစ်ထပ် ကျောင်းဆောင်အဖြစ် ဆောက်လုပ်သွားမည်ဖြစ်ပြီး၊ ခန့်မှန်းငွေကျပ် သိန်းတစ်သောင်းခန့် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အလှူရှင်များ၏ စုစုပေါင်းလှူဒါန်းငွေကျပ် သိန်း (၄၅၀၀)ကျော် ရရှိထားပြီဖြစ်ကာ အလှူရှင်များ အနေဖြင့် လာရောက်လှူဒါန်းလိုပါက ပမ္မတီးရပ်ကွက်၊ ခရမ်းကျောင်းတိုက် ဆရာတော်ဘုရားထံသို့ လည်းကောင်း၊ ကျောင်းဆောင်ဖြစ်မြောက်ရေအဖွဲ့ ဖုန်း – ၀၉၇၉၀၁၇၇၉၃၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။