Trending Now

မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာ ဘက်တွင် KIA မှ လူသစ်စုဆောင်းမှု ပြုလုပ်နေ

Spread the love

မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာ ဘက်တွင် KIA မှ လူသစ်စုဆောင်းမှု ပြုလုပ်နေ

EPN
မြစ်ကြီးနား၊ မတ် ၁၅ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊နောင်နန်းကျေးရွာဘက်တွင် KIA မှ လူငယ်အများအပြားကို လူသစ်စုဆောင်းမှု ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာ နောင်ရာပါတိုက်နယ် KIA အဖွဲ့မှ ကျေးရွာအတွင်းက လူငယ်များကို နေ့လည်နှင့် ညပိုင်းအချိန်တို့တွင် လူသစ်လိုက်လံ စုဆောင်းနေ၍ ယခုရက်ပိုင်းအတွင်း ဒေသခံလူငယ် ၁၀ ဦးထက်မနည်း ပါသွားကြောင်း နောင်နန်းကျေးရွာ ပြည်သူတစ်ဦးက ဆိုသည်။

” ကျွန်တော်တို့ ကျေးရွာဘက်မှာ လူငယ်တွေ အများကြီးပါသွားပြီ။ နောင်ရာပါ တိုက်နယ် KIAနဲ့ PDF အဖွဲ့က လူသစ်စုဆောင်းနေတယ်။ နေ့ဘက်လည်း အပြင်ကို ကောင်းကောင်း မထွက်ရဲဘူး။ ညဆိုရင် အိမ်အထိ လိုက်ဆွဲနေတာ။ ရွာထဲလည်း လူငယ်တွေ မရှိကြတော့ဘူး။ ယောင်္ကျားလေး၊ မိန်းကလေး အကုန်ဆွဲလို့ လွတ်ရာကို ပြေးကြပြီ ” ဟု အမည်မဖော်လိုသူ ဒေသခံပြည်သူတစ်ဦးက ပြောသည်။

နောင်နန်းကျေးရွာအတွင်း နေထိုင်သည့်အသက် (၂၀) ဝန်းကျင် လူငယ် ၅ ဦးကို နောင်ရာပါတိုက်နယ် KIA အဖွဲ့မှ ဆံပင် ညှပ်ဆိုင်အတွင်း လာရောက်ခေါ်ဆောင်သွားသည့် ဖြစ်စဉ်တစ်ခု မတ်လ (၉) ရက်နေ့၊ နေ့လည် ၁နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ပြီး၊ ယနေ့ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။

” ပြီးခဲ့တဲ့ တနင်္လာနေ့၊ နေ့လည် ၁နာရီအချိန်မှာ လမ်းထိပ်က ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ညှပ်နေကြတာ။ အဲ့တာကို KIAနဲ့ PDF အဖွဲ့ကရောက်လာပြီး လူငယ် ၅ ယောက်ကို ခေါ်သွားတယ်။ ပြီးတော့ လက်ဘက်ရည်ဆိုင် ထိုင်နေတဲ့ လူငယ်တွေလည်း အဆွဲခံရတယ်။ အခုထိတော့ ပြန်မလွတ်လာသေးဘူး ” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ ဖမ်းဆီးခံရသည့် လူငယ်များကို နောင်ရာပါတိုက်နယ် KIA အဖွဲ့က လူသစ်စုဆောင်းသွားခြင်းဖြစ်ကြောင်း သိရပြီး၊ ယင်းကိစ္စနှင့် ပတ်သက်၍ လူငယ်များပြန်လည်လွတ်မြောက်လာစေရန် ဘာသာရေး အဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

ယင်းလူငယ်များကို အင်ဂျန်းယန်မြို့နယ် KIA ဌာန တပ်စခန်းသို့ ပို့ဆောင်ထားကြောင်း သိရပြီး၊ အလားတူ ဖမ်းဆီးခံရသည့် လူငယ်များကို KIA က ကာလတို စစ်သင်တန်းပေးကာ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေကြောင်း သိရသည်။

ပြည်နယ်အတွင်းက တိုင်းရင်းသားပြည်သူများကို KIA က အတင်းအဓမ္မ လူသစ်စုဆောင်နေခြင်းများ ပြုလုပ်နေ၍ လူငယ်များအနေဖြင့် ပြည်ပနိုင်ငံများသို့ တိမ်းရှောင်ကြသူ ပိုမိုများပြားနေကြောင်း သိရသည်။

ကျော်ထက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။