Trending Now

မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်ရေအတက်အကျကို အချိန်တိုအတွင်း သိရှိနိုင်ရန် ချီဖွေမြို့ရှိ ရေမှတ်တိုင်များတွင် CCTV ကင်မရာများ တပ်ဆင်ကာ စောင့်ကြည့်သွားမည်

Spread the love

မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်ရေအတက်အကျကို အချိန်တိုအတွင်း သိရှိနိုင်ရန် ချီဖွေမြို့ရှိ ရေမှတ်တိုင်များတွင် CCTV ကင်မရာများ တပ်ဆင်ကာ စောင့်ကြည့်သွားမည်

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ ဧရာတီမြစ်ရေအတက်အကျကို အချိန်တိုအတွင်း သိရှိနိုင်ရန်အတွက် ချီဖွေမြို့ရှိ ရေမှတ်တိုင်များတွင် ယခုလအတွင်း CCTV ကင်မရာများတပ်ဆင်ကာ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယင်းသို့ ရေမှတ်တိုင်များတွင် CCTV တပ်ဆင်ကာ စောင့်ကြည့်နိုင်တော့မှာဖြစ်သည့်အတွက် ဧရာဝတီမြစ်ရေ အတက်အကျ ကို အချိန်တိုအတွင်း ကြိုတင် ခန့်မှန်နိုင်မှာဖြစ်သလို ပြည်သူများထံ အချိန်တိုတိုအတွင်း သတိပေးချက်များ လုပ်ဆောင်နိုင်တော့ မှာဖြစ်ကြောင်း ကချင်ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” အရင်ကဆို မြစ်ကြီးနားရဲ့ မြစ်ရေအတက်အကျကိုသိနိုင်ဖို့ ချီဖွေက ဒေခံတစ်ယောက်လောက်ကို မေခမြစ်ရေ အခြေအနေသွားကြည့်ခိုင်းရတယ်၊ အဲ့ဒီချိန်ကဆို အတိအကျ မထွက်ပေါ်လာဘူး ဒေသခံတွေဆိုတော့ နည်းနည်းတက်လာတယ် နည်းနည်းကျသွားတယ်၊ ဒီလောက်ပဲပြောနိုင်တော့ ဒီပေါ်မှာပဲမှုတည်ပြီး ခန့်မှန်းကြရတယ်။ အခုဆိုရင် မေခမြစ်ထဲမှာ ရေမှတ်တိုင် (၂)တိုင်ထားရှိထားပြီး အဲ့ဒီမှတ်တိုင်က ရေအတက်အကျကို ပိုမိုတိတိကျကျတိုင်းနိုင်ဖို့ အခုလအတွင်းမှာ CCTV တပ်ဆင်ပြီး ဆောင်ရွက်နေတယ်။ CCTV တပ်နိုင်သွားရင်တော့ မြစ်ရေအတက်အကျကို လျှင်လျှင်မြန်မြန်နဲ့သိရှိပြီး သတိပေးနိုင်တော့မှာဖြစ်တယ်၊ ” ဟု ၎င်းကပြောသည်။

ဧရာဝတီ မြစ်ရေအတက်အကျကို သိရှိနိုင်ဖို့အတွက် မေခမြစ်နှင့် မလိခမြစ် အတွင်း မြစ်ရေကြီးမှု သတိပေးသည့် စက်တပ်ဆင်နိုင်ခဲ့သော်လည်း မေခ မြစ်အတွင်း တပ်ဆင်ထားသည့် စက်မှာ ချို့ယွင်းမှုများဖြစ်ပေါ်နေသည့်အတွက် အသုံးမပြုနိုင်သေးကြောင်း ၎င်းက ရှင်းပြသည်။

“ကျနော်တို့အနေနဲ့ ပထမဆုံး မြစ်ရေကြီးမှုသတိပေးတဲ့စက်တွေ တပ်ဆင်ထားတယ် ဒါပေမဲ့ စက်က ချိုယွင်းမှုတွေဖြစ်နေတော့ တိုင်းတာချက်တွေ ထွက်ပေါ်မလာဘူး ဒီတော့ မေခမြစ်အတွက် မြစ်ရေတိုင်းတာတဲ့ ရေမှတ်တိုင်တွေ စိုက်ထူပြီးတော့ တိုင်းတာသွားမှာဖြစ်တယ် ” ဟု ၎င်းကပြောသည်။

ချီဖွေမြို့ရှိ မေခမြစ်ရေကို အတိအကျတိုင်းတာရန် ရေမှတ်တိုင်နှစ်တိုင်ကို လဗျူဟိုတည်ရှေ့ တံတားပျက်အောက်တွင် မေလခန့်က သွားရောက်စိုက်ထူထားပြီးဖြစ်ကာ ယင်းရေမှတ်တိုင်များကို လျှင်လျှင်မြန်မြန် စောင့်ကြည့်နိုင်ဖို့ ယခုလအတွင်းCCTV တပ်ဆင်ကာ စောင့်ကြည့်သွားမှာဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေမှာ ဇွန်လ(၁၈)ရက်နေ့က (၉၇၂)စင်တီမီတာအထိရောက်ရှိခဲ့ပြီး ယခင် (၂၀၂၁)ခုနှစ်မှာတော့ မြစ်ရေအမြင့်ဆုံးအနေဖြင့် (၈၇၅)စင်တီမီတာအထိသာရောက်ရှိခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်မှာ ၁၂၀၀ စင်တီမီတာ ဖြစ်ပြီး အကြီးမားဆုံး မြစ်ရေမြင့်တက်မှုအနေဖြင့် ပြီးခဲ့သည့် (၂၀၀၄)ခုနှစ်က (၁၄၀၈) စင်တီမိတာအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။