Trending Now

အောင်ချမ်းသာစေတီတော် ထီးတော်တင်လှူပွဲနှင့် ဘုရားအနေကဇာတင်ပွဲ အောင်မြင်စွာ ကျင်းပ

Spread the love

အောင်ချမ်းသာစေတီတော် ထီးတော်တင်လှူပွဲနှင့် ဘုရားအနေကဇာတင်ပွဲ အောင်မြင်စွာ ကျင်းပ
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက် (နယ်မြေ ၁၁) ရှိ အောင်ချမ်းသာ ဓမ္မစကူးလ်ကျောင်းတိုက်‌အပေါ် တည်ထားကိုးကွယ်သောစေတီ
တော် ထီးတော်တင်လှူပွဲနှင့် ဘုရားဆင်းတုတော် အနေကဇာတင်ပွဲကို ယနေ့ နံနက် ၈နာရီက ကျင်းပပြုလုပ်ခဲ့သည်။
၎င်းစေတီတော်ကြီးကို ၂၀၁၉ ခုနှစ်တွင် စတင်တည်ထားခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၀ခုနှစ်အတွင်း ထီးတော်တင်ရန် မူလပထမရည်မှန်း ထားခဲ့သော်လည်း ကိုဗစ်-၁၉ ကျန်းမာရေးအခြေအနေများနှင့် နိုင်ငံရေးအခြေအနေများကြောင့် ယနေ့အချိန်မှသာ ထီးတော်တင်လှူပူဇော်နိုင်ခြင်းဖြစ်ကြောင်း အောင်ချမ်းသာ ကျောင်းတိုက်ဆရာတော် ဦးသိရိန္ဒ က မိန့်ကြားသည်။
“ဓမ္မစကူးလ်ကျောင်းဆောင်ပေါ်မှာ စေတီတည်ဆောက်ပြီး ထီးတော်တင်လှူရတဲ့ ရည်ရွယ်ချက်က ကလေးတွေရင်ထဲကို ဘုရား၊ တရားဆိုတာ ကိန်းဝပ်စေချင်လို့ဖြစ်တယ်၊ ဓမ္မစကူးလ်ဆိုတာ ကလေးတွေရဲ့ ရင်ထဲကို ဘုရား၊ တရားကိန်းဝပ်နေအောင် သင်ကြားပို့ချပေးတဲ့ နေရာလေ။ အဲ့ဒီအတွက် ဒီကျောင်းတော်ကြီးပေါ်စေတီတည်ခဲ့တာပါ။ အခုလို အလှူရှင်တွေ စုပေါင်း ထီးတော်တင်လှူရတဲ့အတွက် အရမ်းကို မွန်မြတ်ပါတယ်။ ကျောင်းကိုလာပြီး ထီးတော် တာဝန်ယူဖို့ဆိုပြီး လာလျှောက်ကြတဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် တစ်ယောက်တည်းတာဝန်ယူ လှူဒါန်းမယ့်အစား ၇ရက်သားသမီး ကုသိုလ်ပါဝင်နိုင်အောင်ဆိုပြီး အခုလိုမျိုး စီစဥ်လိုက်တာပါ” ဟု ဆရာတော်က မိန့်ကြားသည်။
အဆိုပါ ကိုးတောင်ပြည့်စေတီတော် တည်ထားကိုးကွယ်ရန် အောင်နန်းရပ်ကွက်ရှိ ဦးမောင်ကို၊ ဒေါ်တင်မြ
နှင့် ဦးကိုကိုအောင်၊ ဒေါ်ဆွေစင်ထွန်းတို့မှ မတည် တည်ထားခဲ့ခြင်းဖြစ်ပြီး ထီးတော်တင်လှူခြင်းကို လယ်ကုန်းရပ်ကွက် (နယ်မြေ ၁၁) ရှိ အလှူရှင်များနှင့် ရပ်ကွက်ပေါင်းစုံ၊ ရပ်နီးရပ်ဝေးမှ အလှူရှင်များ စုပေါင်း တင်လှူခြင်း ဖြစ်သည်။
၎င်းအပြင် အောင်ချမ်းသာ ဓမ္မစကူးလ်ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်၍ အနေကဇာတင်ပူဇော်ခဲ့သော ဘုရားဆင်းတုတော်ကို ဒေါက်တာမြင့်မြင့်စန်းနှင့်ဒေါက်တာအေးမြတ်သွယ်စိုးတို့မှ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။
ယနေ့ ကျင်းပပြုလုပ်သော အောင်ချမ်းသာ ဓမ္မစကူးလ်ကျောင်းတိုက်ပေါ်တွင် တည်ထားကိုးကွယ်သောစေတီ
တော် ထီးတော်တင်လှူပွဲနှင့် ဓမ္မစကူးလ်ကျောင်းတိုက်တွင်တည်ထားကိုးကွယ်နေသော ဘုရားဆင်းတုတော် အနေကဇာတင်ပွဲနှင့် အတူ ၁၆ ကြိမ်မြောက် အသံမစဲမဟာပဌာန်းပွဲကိုလည်း စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇက်ကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။