Trending Now

ပါလက်စတိုင်းက ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် တောင်းဆို

Spread the love

ပါလက်စတိုင်းက ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် တောင်းဆို

EPN
နိုင်ငံတကာ၊ ဧပြီ ၄

၂၀၁၂ ခုနှစ်ကတည်းက ကုလသမဂ္ဂမှာ စောင့်ကြည့်လေ့လာသူအဆင့်အဖြစ်သာထားရှိခဲ့တဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) က ကုလသမဂ္ဂကို အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ တရားဝင်တောင်းဆိုထားတယ်လို့ သိရပါတယ်။

“ပါလက်စတိုင်းနိုင်ငံတော်နဲ့ ခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်အရ အဖွဲ့ဝင်ဖြစ်ခွင့်လျှောက်လွာကို ပြန်လည်ထည့်သွင်းစဉ်းစားပေးဖို့ အထွေထွေအတွင်းရေးမှူးချုပ်ထံ စာတစ်စောင်ပေးပို့ခဲ့ပါတယ်။” လို့ ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းအာဏာပိုင်ရဲ့ အမြဲတမ်းသံတမန် ရီယာ မန်ဆောက ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို ပေးပို့တဲ့ သီးခြားစာစောင်တစ်ခုထဲမှာ အာရပ်အုပ်စု၊ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့က ရီယာ မန်ဆောရဲ့ တောင်းဆိုချက်ကို ကျောထောက်နောက်ခံပြုခဲ့တယ်လို့ သိရပါတယ်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) က ၁၉၆၇ ခုနှစ် စစ်ပွဲမဖြစ်ပွားမီ ပါလက်စတိုင်းနိုင်ငံလို့ သတ်မှတ်ခံထားရတဲ့ နယ်မြေပေါ်မှာ အချုပ်အခြာအာဏာကို တောင်းဆိုထားပြီး ဒီအထဲမှာ ဂါဇာအပြင် အနောက်ဘက်ကမ်းတစ်ခုလုံးနဲ့ အရှေ့ဂျေရုဆလင်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ပါလက်စတိုင်းနိုင်ငံတော်ဆိုတဲ့ အယူအဆကို အကြိမ်ကြိမ် ပယ်ချခဲ့ပြီး ယင်းဒေသအားလုံးပါဝင်တဲ့ “ဂျော်ဒန်အနောက်ဘက် ဧရိယာတစ်ခုလုံးကို အစ္စရေးလုံခြုံရေးက အပြည့်အ၀ ထိန်းချုပ်” သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရန် လျှောက်လွှာကို အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်မှုမပြုလုပ်မီ အထွေထွေအတွင်းရေးမှူးချုပ်က အတည်ပြုပေးရမယ်လို့ သိရပါတယ်။

PA ဟာ ၂၀၁၁ ခုနှစ်က အဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့ပေမယ့် လျှောက်လွာတင်ခဲ့ခြင်းမရှိသလို အဲဒီအချိန်မှာ တင်သွင်းခဲ့မယ်ဆိုရင်လဲ ကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်ငါးဦးထဲက တစ်ဦးဖြစ်တဲ့ အမေရိကန်ဟာ ဗီတိုအာဏာကျင့်သုံးမယ်လို့ ပြောကြားခဲ့ပါတယ်။

နောက်နှစ်မှာတော့ ကုလသမဂ္ဂဟာ ပါလက်စတိုင်းပြည်နယ်အဆင့်ကို “အဖွဲ့ဝင်မဟုတ်သော လေ့လာသူအဖွဲ့” ကနေ “အဖွဲ့ဝင်မဟုတ်သော လေ့လာသူနိုင်ငံ” သို့ အဆင့်မြှင့်တင်ပေးခဲ့ပါတယ်။

PA ရဲ့ လျှောက်လွှာဟာ အမေရိကန်ရဲ့ ဗီတိုအာဏာနဲ့ ရင်ဆိုင်ရနိုင်သလို အစ္စရေးရဲ့ အကျိုးစီးပွားကို ဆန့်ကျင်တဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှန်သမျှကို ဗီတိုအာဏာနဲ့ ပယ်ချဖို့ ဆန္ဒရှိတယ်လို့ ဝါရှင်တန်က အချက်ပြထားပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကိုတော့ အမေရိကန်က ဗီတိုအာဏာအသုံးမပြုဘဲ ချမှတ်ခွင့်ပြုခဲ့ပါတယ်။

အစ္စရေးကို အမေရိကန်က စစ်ရေးအရ ဆက်လက်ပံ့ပိုးနေပေမယ့် နေတန်ယာဟုနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ကြား အကွဲအပြဲတွေ ကျယ်ပြန့်လာနေတဲ့ လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၄၀ ခန့်ဟာလည်း ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ref; RT


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။