Trending Now

“ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်နိုင်မှုများနှင့် NCA ၏ အနာဂတ်အလားအလာ”

Spread the love

“ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်နိုင်မှုများနှင့် NCA ၏ အနာဂတ်အလားအလာ”

ဆောင်းပါးရှင် – သားကြီး

 

ငြိမ်းချမ်းရေးဆိုတာ အပြောလွယ်သလောက် လက်တွေ့အကောင်အထည်ဖော်ကြည့်ပါက ခက်ခဲမှု များစွာကို ရင်ဆိုင်ကြုံတွေ့ကြရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ ပါဝင်ဆောင်ရွက်ခဲ့ဖူးလို့ ခံစားနားလည်မိခြင်း ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ဘဝ ဘေးကင်းလုံခြုံရဲ့လား။ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက် နိုင်ရဲ့လားလို့ မေးကြည့်လိုပါတယ်။ ပြည်သူလူထုအားလုံး ရုန်းကန်လှုပ်ရှားမှုမရှိပဲ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်မှသာ ပိုမိုငြိမ်းချမ်းသာယာတဲ့ဘဝကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ Peace Process အကြောင်းပြောမယ်ဆိုရင် အစိုးရအဆက်ဆက်က ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်နိုင်မှုကိုလည်း လျစ်လျူရှုလို့မရပါဘူး၊ လွတ်လပ်ရေးရပြီးကတည်းက ဘာဖြစ်လို့ ပြည်တွင်း လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အစည်းများ ပေါ်ပေါက်လာရပါသလဲ၊ လွတ်လပ်ရေးနှင့်အတူ တိုင်းရင်း သားများအရေး ဘာသာရေးအယူဝါဒအရေး အမြင်မတူညီမှုများကြောင့် လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်အထိ အစိုးရအနေနဲ့ တည်ငြိမ်အေးချမ်းမှု ရရှိရေးကို ကြိုးစားတည် ဆောက်နေဆဲပင်ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်နိုင်မှာ ကို အစိုးရအဆက်ဆက် နိုင်ငံ့ခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များ မသိရှိခဲ့ခြင်းမဟုတ်ပါ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေး အတွက် လက်နက်ကိုင်သောင်းကျန်းသူများ ချုပ်ငြိမ်းပပျောက်စေရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချမှတ်လုပ်ကိုင်ခဲ့တာကို တွေ့မြင်နိုင်ပါတယ်။

 သောင်းကျန်းသူအဖွဲ့အစည်းများအနေနဲ့ နယ်စပ်ဒေသရှိ သယံဇာတပစ္စည်းများကို ခိုးထုတ်ခြင်း၊ ဆက်ကြေး ကောက်ခြင်း၊ အဓမ္မလူသစ်စုဆောင်းခြင်းများကို စဉ်ဆက်မပြတ်လုပ်ကိုင်ခဲ့ခြင်းကြောင့် နယ်စပ်ဒေသများ မှာ တည်ငြိမ်အေးချမ်းမှုပျက်ပြားကာ ဖွံ့ဖြိုးတိုးတက်မှုပါ နောက်ကျခဲ့တဲ့အပြင် အပြစ်မဲ့ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်များလည်း ဆုံးရှုံးခဲ့ရပါတယ်။ ငြိမ်းချမ်းရေးဆောင်ရွက်မှုနှင့် ပတ်သက်ပြီး တပ်မတော်အစိုးရလက်ထက်များမှာ ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရှိနိုင်သော်လည်း သောင်းကျန်းသူများ လုံးဝချုပ်ငြိမ်းသွားအောင် အစိုးရအဆက်ဆက် မဆောင်ရွက်နိုင်ခဲ့တာကိုလည်း သတိပြုမိပါတယ်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဘာကြောင့်ချုပ်ငြိမ်းမှု မရှိခဲ့သလဲ၊ ဘာတွေ မှားယွင်းခဲ့လို့ ဘယ်လိုအခြေအနေမျိုးထိ အောင်မြင်အောင် ဆောင်ရွက်နိုင်သလဲ ဆိုတာကို ပြန်လည်သုံး သပ်စေလိုပါတယ်။ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်မှာ နိုင်ငံရေးကြောင့်လည်းကောင်း၊ လူမျိုးရေး ကြောင့်လည်းကောင်း၊ မည်သည့်အကြောင်းနှင့်ဖြစ်စေ တောတွင်းမှာရောက်ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးကို တွေ့ဆုံဆွေးနွေးရန်ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်အဖွဲ့များအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှ တစ်ဆင့် နိုင်ငံရေးအမြတ်ထုတ်နိုင်ရန် သဘောထားမမှန်စွာ ကြံစည်ဆောင်ရွက် ခဲ့ခြင်းကြောင့် အောင်မြင်မှုမရရှိခဲ့ပါ။

၁၉၈၈ ခုနှစ် တပ်မတော်အစိုးရလက်ထက် ပြည်တွင်းလက်နက်ကိုင် ဆူပူသောင်းကျန်းမှုများ နိဂုံးချုပ်စေရန် ရည်ရွယ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် လုပ်ငန်းစဉ်များချမှတ်၍ သောင်းကျန်းသူအဖွဲ့အစည်းများရဲ့ နိုင်ငံရေးအရ အမြတ်ထုတ်မှုများကိုလည်း စိတ်ရှည်သည်းခံကာ စေ့စပ်ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့တာကို တွေ့မြင်နိုင်ပါတယ်။ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်းဆိုသည်မှာ သောင်းကျန်သူများအား သတ်မှတ်နယ်မြေ အတွင်း လက်နက်ကိုင်ဆောင်ခွင့်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုမှုကို ကန့်သတ် ချက်ဖြင့်ခွင့်ပြုပေးခြင်းတို့အပြင် သက်ဆိုင်ရာနယ်မြေမှ အခြားမြို့ကြီးများကို သွားရောက်လိုပါက ခွင့်ပြုချက်ရယူပြီး လက်နက်မပါသွားရောက်နိုင်ရန် ခွင့်ပြုခဲ့ခြင်းများကို ဆိုလိုခြင်းဖြစ်ပါတယ်။

အဲ့ဒီအချိန်ကာလ ဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းများအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး ၁၇ ဖွဲ့နှင့် အဖွဲ့ငယ် ၂၃ ဖွဲ့၊ စုစုပေါင်းအဖွဲ့ ၄၀ နဲ့ ယာယီအပစ်အခတ်ရပ်စဲရေးညှိနှိုင်းခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထိုက်အလျောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုရပါတယ်။ တပ်မတော်အစိုးရအနေနဲ့ နယ်စပ်ဒေသဖွဲ့ဖြိုးတိုးတက်ရေးကိုလည်း အရှိန်အဟုန်မြှင့်တင်ကာ ဆောင်ရွက်နိုင်မှုကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ယုံကြည်မှုကို ယခင်ကထက် ပိုမိုရရှိခဲ့ကြောင်း သတိပြုမိပါတယ်။ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)၊ အခန်း(၇)၊ ပုဒ်မ (၃၃၈)မှာ နိုင်ငံတော်အတွင်းရှိ နက်လက် ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာရှိရမယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် တရားဝင်ရပ်တည်ခွင့်ရရှိရေးကိုရည်ရွယ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဖြစ်စေရန် ယာယီ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းမှစပြီး အသွင်ကူးပြောင်း ရေးမူဝါဒ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ နယ်ခြားစောင့်တပ် (BBF) များနှင့် ပြည်သူ့စစ်အဖွဲ့များအဖြစ် ဖွဲ့စည်းဆောင်ရွက် နိုင်ခဲ့ခြင်းပါတယ်။ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို တရားဝင်အဖွဲ့အစည်းအဖြစ် ရပ်တည်ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုမှာ သမိုင်းမှတ်တိုင်တစ်ခု ပင်ဖြစ်ပါတယ်။ ကျန်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ ၎င်းတို့ရဲ့လက်နက်များစွဲကိုင်ပြီး အာဏာဆုပ်ကိုင်လိုခြင်း၊ တရားမဝင် စီးပွားရေးလုပ်ငန်းများမှ ငွေကြေးများ လွယ်ကူစွာရရှိနေခြင်း တို့ကြောင့် အသွင်ကူးပြောင်းရေးဆောင်ရွက်မှုကို လက်ခံခြင်းမရှိပဲ သောင်းကျန်းသူ အဖွဲ့အစည်းအဖြစ် ဆက်လက်ရပ်တည်ခဲ့ကြခြင်းပင်ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးရန် ဆက်လက်ဖိတ်ခေါ်ခဲ့ပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖော်ဆောင် ရေး၊ ငြိမ်းချမ်းရေးလွန်ကာလ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား လုပ်ဆောင် နိုင်ရန်အတွက် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (Myanmar Peace Centre – MPC) ကိုဖွင့်လှစ်ခဲ့ပြီး ဆွေးနွေးရာမှာ ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် ပြည်ထောင်စုလွှတ်တော် အဆင့်ဟူ၍ အဆင့် (၃)ဆင့်ဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်သွားရန် မူဝါဒ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုများမှာ ဖြစ်ပေါ်ခဲ့တဲ့ အတိတ် သမိုင်း၊ သင်ခန်းစာများအရ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်ကိုအခြေခံပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့တာကို တွေ့မြင်နိုင်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော်အစိုးရမှဖွဲ့စည်းပေးထားတဲ့ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်း ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ရာ အပစ်အခတ်ရပ်စဲရန် ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့အနက် ပြည်ထောင်စုအဆင့် ၁၁ ဖွဲ့၊ ပြည်နယ် အဆင့် ၃ ဖွဲ့၊ စုစုပေါင်း ၁၄ ဖွဲ့နှင့် ယာယီအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

Nationwide Ceasefire Agreement (NCA) ရဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုကို လေ့လာကြည့်ပါက NCA ရဲ့ အဓိကရည်ရွယ်ချက်မှာ လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန်ဖြစ်ပြီး  NCA စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခြင်းကြောင့် အပြန်အလှန်ယုံကြည်မှုများ ခိုင်မာလာပြီး နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးရသည်အထိ တည်ဆောက်သွားနိုင်မှာဖြစ်ပါတယ်။ ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များ ရရှိပြီး နှစ်ဦးနှစ်ဖက်လိုက်နာရမည့် ကတိကဝတ်များကို လိုက်နာနိုင်ပါက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုး နိုင်မှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်တဲ့ KNU ၊ RCSS ၊ SSA ၊ KNU/KNLA(PC) ၊ KKO ၊ CNF ၊ ALP ၊ PNLO ၊ ABSDF စသည့်အဖွဲ့ (၈)ဖွဲ့နှင့် NCA စာချုပ်အား သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့သည်။ NCA လက်မှတ်ရေးထိုးပြီးသော အဖွဲ့များအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများသို့ တက်လှမ်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ နောက်ဆက်တွဲ လုပ်ငန်းရပ် များဖြစ်သော SSR/SSR လုပ်ငန်းများကိုလည်း တပ်မတော်နှင့်ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါတယ်။

NCA လက်မှတ်ရေးထိုးခြင်းမရှိသော လက်နက်ကိုင်အဖွဲ့များ၏ ရပ်တည်ချက်များကို လေ့လာကြည့်ရာ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ၎င်းအာဏာကိုဆုပ်ကိုင်လိုခြင်းမှာ အဓိကအချက်ဖြစ်ပြီး ကျန်ဒုတိယအချက်မှာ ၎င်းတို့ပိုင်ဆိုင်ထားသည့် ငွေကြေးများကြောင့်ဖြစ်သည်ဟု တွေ့မြင်နိုင်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် federal စနစ်ကိုတောင်းဆို၍ ပြည်နယ်အဆင့် လက်နက်ကိုင်ဆောင်ခွင့်၊ တပ်ဖွဲ့စည်းခွင့်များတောင်းခံလျှက်ရှိရာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ “လက်နက်ကိုင်တပ်အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်သာရှိရမည်” ဖြစ်သည်ကို သတိပြုရန်လိုအပ်ပါသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပါအတိုင်း ပြည်ထောင်စုငြိမ်းချပ်းရေးညီလာခံအား ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက်အထိ နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌ ပြုလုပ်နိုင်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် နိုင်ငံတော်သမ္မတ ဦးထင်ကျော် အစိုးရလက်ထက်တွင် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး အတွက် ယခင်အစိုးရလက်ထက်က ဖွဲ့စည်းဆောင်ရွက်ခဲ့သော Myanmar Peace Cetre ကို အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ဆောင်ရွက်ချက်ဟု ရှုမြင်နိုင်သော် လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိကျသည့် အစီအမံများ ချမှတ်ဆောက်ရွက်မှု အားနည်းခဲ့ခြင်းကြောင့် မျော်မှန်းသလောက် အောင်မြင်မှုများမရရှိခဲ့ပေ။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်မှုကို လေ့လာရာတွင် ပြည်ထောင်စုငြမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတွင် NCA လက်မှတ်ရေးထိုးပြီးသောအဖွဲ့များသာမက လက်မှတ်ရေးထိုးထားခြင်းမရှိသော အဖွဲ့များလည်း ပါဝင်ဆွေးနွေးနိုင်ရေး ဆောင်ရွက်ခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးသည် နိုင်ငံသူ/သားများ အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် အပြင် တိုင်းပြည်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း မရှိမဖြစ်လိုအပ်ချက်ဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး အတွက် ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အစိုးရအနေဖြင့် နိုင်ငံတော် ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုအဖြစ် ပေါ်ထွန်းလာရေးကို မျှော်မှန်းပြီး ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကိုလည်းကောင်း ကျင်းပပြုလုပ်ခဲ့ပေမယ့်လည်း ထူးခြားမှု ပြောင်းလည်းမှုများ ကိုတော့ မဆောင်ရွက်နိုင်တာကိုတော့ သတိပြုမိပါတယ်။ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့်လည်း NCA လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးဖြစ်စဉ်တွေ အမြန်ဆုံးပါဝင်နိုင်ရန် အကြိမ်ကြိမ် တိုက်တွန်းဆောင်ရွက်ခဲ့ရာ NMSP (မွန်)အဖွဲ့ LDU အဖွဲ့တို့နှင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ NCA လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ တပ်မတော်အနေဖြင့် ငြိမ်းချမ်း ရေးကို လိုလားတဲ့အတွက် သောင်းကြမ်းသူလက်နက်ကိုင် အဖွဲ့အစည်းတွေကို စည်းရုံးသိမ်းသွင်းမှုများဖြင့် ကြိုးစားဆောင်ရွက်ခဲ့သည်မှာ သမိုင်းသက်သေများဖြင့် ကျန်ရှိနေပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးကို နေပြည်တော် မှာ ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးရန်ကျန် ရှိနေ တဲ့ သောင်းကြမ်းသူအဖွဲ့များအား NCA လက်မှတ်ရေးထိုးနိုင်ရေး တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပေမယ့် တိုးတက်အောင်မြင်မှုများ မျှော်မှန်းသလောက်မရရှိခဲ့ပါဘူး။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း စုစုပေါင်း လေးကြိမ် ရပ်ဆိုင်းပေးခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၀ ခုနှစ် မေလ ၉ ရက်နေ့မှာ နိုင်ငံတော်မှ အကြမ်းဖက်လို့သတ်မှတ်ထားတဲ့ နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ခုနှစ် မေလ ၁၀ ရက်မှ သြဂုတ်လ ၃၁ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုများကို ထပ်မံပြီးရပ်ဆိုင်းပေးထားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်တွင် နေပြည်တော်မှာရှိတဲ့ (NRPC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ကျင်းပခဲ့ပေမယ့်လည်း JICM အစည်းအဝေးမှာ ချမှတ်မယ့် သဘောတူညီချက် မူကြမ်းကို ဆွေးနွေးတဲ့ အဆင့်သာရှိခဲ့ပြီး သဘောတူညီချက် (၈)ချက် အတည်ပြုနိုင်သည်မှလွဲပြီး ထူးခြားတဲ့အောင်မြင်ပြောင်းလဲမှု များမရှိခဲ့ပေ။ ကျန်တိုင်းရင်းသား အဖွဲ့အစည်းများအနေဖြင့် အစိုးရအပေါ် ယုံကြည်မှုအားနည်းခဲ့ခြင်းကြောင့် NCA မှာ ပါဝင်လက်မှတ်ရေးထိုးနိုင်မှု မရှိခဲ့ကြောင်း တွေ့ရှိရပါတယ်။

ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံအပြင် မည်သည့်စနစ်ကျင့်သုံးတဲ့နိုင်ငံမှာမဆို နိုင်ငံတစ်နိုင်ငံတွင် တစ်ခု တည်းသော တပ်မတော်တစ်ရပ်သာရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့လည်း နိုင်ငံတကာကျင့်သုံးနေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်သွားဖို့ လိုအပ်ပါ တယ်။

ဒီမိုက်ရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုပေါ်ပေါက်လာဖို့ လက်နက်ကိုင်လမ်းစဉ်တွေ ချုပ်ငြိမ်းသွားခြင်းဟာ ပထမဦးစားပေးဆောင်ရွက်ရမှာဖြစ်ပြီး တပ်မတော်အနေဖြင့် NRPC ရဲ့ လမ်းညွှန် ချက်ပါအတိုင်း ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာကိုတွေ့ရှိပါတယ်။ အစိုးရအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို မည်ကဲ့သို့ အဆုံးသတ်မှာလဲ။ ၂၀၂၀ ခုနှစ်မတိုင်မီနှင့် ၂၀၂၀ ခုနှစ်အလွန် ဆက်လက်ဆောင်ရွက်မယ့်အဆင့်လိုက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို မည်ကဲ့သို့အဆုံးသတ်မှာလဲ။ NCA လက်မှတ်ရေးထိုးတဲ့အဖွဲ့များနှင့် လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့များ ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေမှာ အားလုံးပါဝင်နိုင်ရေးအတွက် မည်ကဲ့သို့ဆက်လက်ဆောင်ရွက်မည်ကို ဆုံးဖြတ်ပေးရန် လိုအပ် ကြောင်း သတိပြုမိပါတယ်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်ကာလအတွင်း အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မှုကို ပြန်လည်သုံးသပ်ပါက သိသိသာသာတိုးတက်အောင်မြင်မှုများ မရရှိခဲ့သည်ကို အပြစ်တင်နေခြင်းမဟုတ်ပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်အောင် မည်ကဲ့သို့ဆောင်ရွက်မည်ကို ယခုအချိန်တွင် သတိပြုရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NRPC အနေဖြင့် စတင်ဆောင်ရွက်ချိန်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လွယ်လွယ်ကူကူဖြင့် အောင်မြင်မှုရရှိနိုင်မည်လို့ ထင်မြင်ခဲ့ပုံရပါတယ်။ တကယ့်လက်တွေ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မျော်မှန်းသလောက် မအောင်မြင်ခဲ့ပေ။ လက်ရှိအစိုးရအနေဖြင့် အစိုးရအဆက်ဆက်ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ဥပက္ခာမပြုဘဲ ပိုမိုကောင်းမွန် အောင် ကြိုးပမ်းဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် အစိုးရနှင့် သောင်းကျန်းသူအဖွဲ့အစည်းများအကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုရှိအောင် တည်ဆောက် နိုင်ရေး လုပ်ဆောင်ရန်ရာ အလွန်အရေးကြီးပါတယ်။ NCA  အပေါ် လက်နက်ကိုင်အဖွဲ့အစည်းများ ပိုမိုယုံကြည်မှုရှိအောင်  အစိုးရအနေဖြင့် မည်ကဲ့သို့လုပ်ဆောင်သင့်သည်ကို ယနေ့အချိန်တွင် ပြန်လည်သုံး သပ်အဖြေရှာရန် လိုအပ်ပါတယ်။ လက်ရှိအစိုးရတာဝန်ယူတဲ့ကာလတွင်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ၊ NCA ဆိုင်ရာကိစ္စရပ်များကို မည်ကဲ့သို့ အဆုံးသတ်ရန် ဆုံးဖြတ်ထားပါသလဲလို့ ကျွန်တော်က မေးခွန်းထုတ် လိုပါတယ်။

တပ်မတော်အနဖြင့်လည်း နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ရည်ရွယ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်အောင် အစိုးရရဲ့လမ်းညွှန်ချက်ပါအတိုင်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါတယ်။ အမြင်မတူတဲ့အချက်များကို ဘေးဖယ်ပြီး အမြင်တူတဲ့အချက်များဖြင့် တဖြည်းဖြည်းစည်းရုံးကာ ငြိမ်းချမ်း ရေးအသီးအပွင့်များ ရရှိခံစားစေရန် အစိုးရနှင့်တပ်မတော် ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ လက်ရှိအစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ သိသိသာသာအောင်မြင် တိုးတတ်မှု မရှိသော်လည်း အားနည်းချက်အားသာချက်များကို ပြန်လည်သုံးသပ်ပြီး ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ကြိုးစားဆောင်ရွက်သွားရမှာသာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးမှာ အစိုးရရဲ့ကိုင်တွယ်ဖြေရှင်းနေမှုအပေါ်မှာလည်း များစွာမှုတည်နေပါတယ်။ တပ်မတော်သည် နိုင်ငံရေးသမား များရဲ့ အသုံးချခံမဟုတ်ဘဲ မျိုးချစ်စိတ်ဓာတ်ဖြင့် နိုင်ငံတော်တည်တံ့ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ပါ ၍ တပ်မတော်မှချမှတ်ထားသော ငြိမ်းချမ်းရေးမူဝါဒအတိုင်း လက်နက်ကိုင်အဖွဲ့အစည်းများ လိုက်နာမည် ဆိုပါက ကောင်းမွန်တဲ့အခြေအနေတစ်ရပ် ရောက်ရှိလာနိုင်မှာဖြစ်ပါတယ်။ အစိုးရနှင့်တပ်မတော်ပူးပေါင်း၍ စဉ်ဆက်မပြတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို  ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာ မိမိတို့နိုင်ငံအနေဖြင့်  ပြည်သူလူထုဘဝ တည်ငြိမ်အေးချမ်းပြီး  လက်ရှိလျှောက်လမ်းလျက်ရှိတဲ့  ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို အခက်အခဲမရှိ အောင်မြင်စွာ ဆက်လက်ချီတတ်နိုင်မှာ ဖြစ်ပါတယ်။

သားကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။