Trending Now

ဒုံးကျည်တိုက်ခိုက်မှုအတွင်း ရုရှားရေတပ်ဗိုလ်ချုပ်ကြီးအပါအဝင် အရာရှိ ၃၄ ဦးသေဆုံးခဲ့တယ်လို့ ယူကရိန်းပြော

Spread the love

ဒုံးကျည်တိုက်ခိုက်မှုအတွင်း ရုရှားရေတပ်ဗိုလ်ချုပ်ကြီးအပါအဝင် အရာရှိ ၃၄ ဦးသေဆုံးခဲ့တယ်လို့ ယူကရိန်းပြော

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၆

ပြီးခဲ့တဲ့ သီတင်းပတ်က ခရိုင်မီးယားဆိပ်ကမ်း ဆီဗားစတိုပိုမှာရှိတဲ့ ရုရှားရေတပ်ဌာနချုပ်ကို ယူကရိန်းက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရုရှားပင်လယ်နက် ရေတပ်ဗိုလ်ချုပ်ကြီး ဆိုကိုလော့ဗ်နဲ့ အခြားအရာရှိ ၃၃ ဦးသေဆုံးခဲ့တယ်လို့ ယူကရိန်းအထူးတပ်ဖွဲ့က ပြောပါတယ်။

ရုရှားရဲ့ အကြီးတန်းရေတပ်အရာရှိတစ်ဦး သေဆုံးကြောင်း ယူကရိန်းရဲ့ အခိုင်အမာ အခိုင်အမာပြောကြားချက် စင်တင်ဘာ ၂၅ ရက်နေ့က ထွက်ပေါ်လာပြီးနောက် ဆီဗားစတိုပိုကို တိုက်ခိုက်လာတဲ့ ယူကရိန်းဒုံးကျည်အားလုံးကို ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ချေမှုန်းနိုင်ခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့က ဆီဗားစတိုပိုမှာရှိတဲ့ ရုရှားရေတပ်ဌာနချုပ်ကို တိုက်ခိုက်ခဲ့တာဟာ ရုရှားရေတပ်ရဲ့ ခေါင်းဆောင်ပိုင်းအစည်းအဝေးအတွက် ရည်ရွယ်ခဲ့တာလို့ ယူကရိန်းအထူးတပ်ဖွဲ့က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

“ရုရှားပင်လယ်နက်ရေတပ်ဌာနချုပ်ကို တိုက်ခိုက်မှုအပြီးမှာ ရုရှားပင်လယ်နက်ရေတပ်ရဲ့ တပ်မှူးအပါအဝင် အရာရှိ ၃၄ ဦး သေဆုံးခဲ့ပါတယ်။ အခြား ၁၀၅ ဦးလည်း ဒဏ်ရာရှိခဲ့ပြီး ပျက်စီးသွားတဲ့ အဆောက်အဦးကိုလည်း ပြုပြင်နိုင်ခြင်းမရှိတော့ပါဘူး” လို့ ယူကရိန်းအထူးတပ်ဖွဲ့က ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ဆိုကိုလော့ဗ် သတ်ဖြတ်ခံရတယ်ဆိုတဲ့ ယူကရိန်းရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို အယ်လ်ဂျားဇီးယားက မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တုံ့ပြန်မှုမရှိသေးဘူးလို့ သိရပါတယ်။ သောကြာနေ့က တိုက်ခိုက်မှုအပြီးမှာတော့ လူတစ်ဦးပျောက်ဆုံးနေတယ်လို့ မော်စကိုက သတင်းထုတ်ပြန်ထားပါတယ်။

ဝါရှင်တန်ဒီစီအခြေစိုက် စစ်ပွဲလေ့လာရေး အကြံပေးအဖွဲ့ (ISW)ရဲ့ အဆိုအရ ရုရှားနဲ့ ယူကရိန်းတို့ဟာ တစ်ခါတစ်ရံ ရန်သူရဲ့ ဆုံးရှုံးမှုတွေကို ချဲကားပြောဆိုလေ့ရှိကြပေမယ့် ရုရှားအဆင့်မြင့်အရာရှိတစ်ဦး မသေဆုံးခဲ့ဘူးဆိုရင် ရုရှားက အလွယ်တကူငြင်းဆိုနိုင်တယ်လို့ ပြောပါတယ်။

“ဒီယူကရိန်းတိုက်ခိုက်မှုမှာ ဆိုကိုလော့ဗ် ဒါမှမဟုတ် တခြားအဆင့်မြင့် ရုရှားတပ်မှူးတွေ သေဆုံးခဲ့တာကို ISW က အတည်ပြုချက် မရသေးပါဘူး၊ ဒါပေမယ့် ဒီသတင်းက မဟုတ်ဘူးဆိုရင်တော့ ရုရှားဘက်က အလွယ်တကူ ငြင်းဆိုမယ်လို့ ထင်ပါတယ်။” လို့ ISW က ပြောပါတယ်။

“တကယ်လို့သာ ဆိုကိုလော့ဗ်နဲ့ အခြားအရာရှိတွေ သေဆုံးမှုသတင်းက အမှန်ဖြစ်မယ်ဆိုရင်တော့ ရုရှားပင်လယ်နက် ရေယာဉ်အုပ်စုမှာ ကွပ်ကဲမှုနဲ့ ထိန်းချုပ်မှုအတွက် သိသိသာသာ အနှောက်အယှက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။” လို့ ISW မှ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ပင်လယ်နက်နဲ့ ခရိုင်မီးယားကျွန်းဆွယ်ကို ပြန်လည်ရယူဖို့ လေးလနီးပါးကြာ တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး လက်ရှိအချိန်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြင့်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ရုရှားပင်လယ်နက်ရေတပ်ဌာနချုပ်က စစ်ဘက်ဆိုင်ရာ ကရိယာတွေနဲ့ လက်နက်ထားရှိတဲ့နေရာတွေကို ပစ်မှတ်ထားကာ စက်တင်ဘာ ၂၂ ရက်နေ့က လေကြောင်း တိုက်ခိုက်မှု ၁၂ ကြိမ်ပြုလုပ်ခဲ့ပြီး ရုရှားလေယာဉ်ပစ်ဒုံးကျည်စနစ် နှစ်ခုနဲ့ အမြောက်ပစ်စင် လေးခုကို ထိမှန်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။