Trending Now

မုန်လိုင်ခက်ပေါက်ကွဲမှု ဘယ်သူ့ လက်ချက်လဲ

Spread the love

မုန်လိုင်ခက်ပေါက်ကွဲမှု ဘယ်သူ့ လက်ချက်လဲ

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၀ (၂၀၂၃)

KIA/KIO တို့၏ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် ဒေသတွင် အောက်တိုဘာလ ၉ ရက် ယမန်နေ့ ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး KIA/KIO စစ်သင်တန်းနည်းပြ အရာရှိများ အပါအဝင် ၃၀ ခန့် သေဆုံးပြီး ၃၀ ခန့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြှစ်များအရ သိရသည်။

အဆိုပါ ပေါက်ကွဲမှုသည် တပ်မတော်က လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဖြစ်သည်ဟုဆိုသည့်သတင်းများ၊ KIA/KIO များ၏ သိုလှောင်ထားသည့် ဒရုန်းဗုံးများ ပေါက်ကွဲမှုကြောင့် ဖြစ်သည်ဟူသော သတင်းများဖြင့် အမျိုးမျိုး ထွက်ပေါ် လျှက်ရှိသည်။

KIO/KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း ထိုတိုက်ခိုက်မှုမှာ ဒရုန်းဖြင့် တိုက်ခိုက်မှုဖြစ်နိုင်ကြောင်း သတင်းမီဒီယာများတွင် ပြောဆိုထားသည်ကို တွေ့ရပြီး KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာသို့ တပ်မတော်မှ တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်းနှင့် ၎င်းတို့ သိုလှောင်ထားသည့် ဒရုန်းဗုံးများ ပေါက်ကွဲမှုကြောင့်ဖြစ်ကြောင်း သုံးသပ်ရပြီး မြေပြင် အခြေအနေများ ကို စုံစမ်းစစ်ဆေး လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာများသို့ ပြောကြားထားသည်ကိုလည်းတွေ့ရသည်။

“ကျွန်တော်တို့အနေနဲ့လည်း စုံစမ်းနေဆဲဖြစ်ပါတယ်။ တစ်ခုက ကျွန်တော်တို့အနေနဲ့က နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အမြဲတမ်းထိန်းသိမ်းဆောင်ရွက်လျက်ရှိတယ်။ ဒီနယ်စပ် ဒေသနဲ့ နီးတဲ့နေရာမှာ ညသန်းခေါင်အချိန်လောက်ကြီးမှာ ဗုံးကြဲတိုက်ခိုက်တယ်လို့ လက်နက်ကြီးနဲ့ ပစ်ခတ်တယ်တို့ဆိုတာ ဖြစ်နိုင်သလားဆိုတာ စဉ်းစားစေချင်ပါတယ်။ ကျွန်တော်တို့ ပြောခဲ့ပြီး ဖြစ်တယ်။ တပ်မတော်အနေနဲ့ကတော့ မည်သည့်ဌာနချုပ်မဆို လက်နက်ကိုင် သောင်းကျန်းနေတဲ့ မည်သည့်ဌာနချုပ်မဆို ကျွန်တော်တို့ ပစ်ခတ်နိုင်တယ်။ တိုက်ခိုက်နိုင်တယ်။ သို့သော် ကျွန်တော်တို့ ပစ်ခတ်တိုက်ခိုက်မှုမရှိခဲ့ဘူးဆိုတာကို ကျွန်တော်တို့ ပြောပြီးဖြစ်ပါတယ်။ အဲဒီမှာလည်း သတင်း အမျိုးမျိုး ပြောကြတာပေါ့လေ။ အဲဒီအဖွဲ့အစည်းကိုယ်တိုင်ကိုက သတင်းအမျိုးမျိုး ပြောနေတာ ရှိတယ်။ စစ်တပ်က လေယာဉ်နဲ့ ပစ်ခတ်တယ်။ တပ်မတော်က လေယာဉ်နဲ့ ပစ်ခတ်တယ်။ တချို့ကလည်း လက်နက်ကြီးနဲ့ပစ်ခတ်တယ်ဆိုတာမျိုး ဒါမတိမကျ မရေမရာ ပြောနေတာမျိုး ရှိတယ်။ ကျွန်တော် အတိအက ပြောနိုင်တာတစ်ခုကတော့ အဲဒီနေရာ အခုပေါက်ကွဲမှုဖြစ်ခဲ့သည့် နေရာသည် KIA အနေနဲ့ UAV တွေသုံးပြီးတော့ မောင်းသူမဲ့ လေယာဉ်တွေသုံးပြီးတော့ တပ်မတော်စခန်းတွေကို ဒရုန်းဗုံးလာချတဲ့နေရာ စစ်ကြောင်းတွေပေါ်မှာ ဒရုန်းဗုံးလာချတဲ့ နေရာဖြစ်တယ်။ ဒါကြောင့်မို့ ဒီမှာပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်။ ဒီပေါက်ကွဲမှုသည် ဘာကြောင့် ဖြစ်တယ် ဆိုတာကတော့ ကျွန်တော်တို့ စုံစမ်းနေဆဲပဲဖြစ်တယ်။ ယခင်တုန်းကလည်းပဲ လိုင်ဇာ အနီးမှာ ဒါ KIA ရဲ့ လက်နက်ခဲယမ်းသိုလှောင်ရုံတစ်ခု ပေါက်ကွဲခဲ့တယ်။ သူတို့အနေနဲ့ သတင်း ဖုံးကွယ်ပြီး လုပ်ခဲ့တာမျိုးရှိတယ်. အခုလည်း ဒီကျွန်တော်တို့ ဒရုန်းဗုံးတွေသိုလှောင်တဲ့ဟာ နေရာ ပေါက်ကွဲတာဖြစ်နိုင်တယ်လို့ သုံးသပ်တယ် မြေပြင်သတင်းကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားထားသည်ကို တွေ့ရသည်။

ထို့အတူ Nhkum Naw Seng အကောင့်ပိုင်ရှင်ကလည်း ကချင်ဘာသာစကားဖြင့် “Ngai tsun da ai le.Anhte hpyen yen nta ni makau de sa wa nna hpyen sharin jawng hpaw nga ai gaw aten mi hta anhte mare masha ni ruyet jam jau hkrum sha wa na hpe ngai tsun da ai le.Shanhte makoi da ai Yam(Wan Yam) ni nga ai shara de ma ni sa n-ginsup na matu tsun da ai le.Ya na zawn Yam ni kapaw ai hpe kadai wa lit la ya na le.Yu le hpun ni,modaw ni yawng lawm mat sai.Hpa mung nnga ai.Bungli galaw na matu nnga mat sai.Wan hkru ai majaw yawng masai.Bawlung pa nhkun a matu Bat-Ho modaw ni mung hten mat sai.Yam ni hpe anhte shara makau na makoi da ai majaw yawng masai.mana yawng si mat sai.” ဟု ရေးသားထားပြီး ထိုစာကို မြန်မာဘာသာပြန်သူများကလည်း “KIO/ KIA တို့က မုန်လိုင်ခက်စခန်းအနီး စစ်သင်တန်း လာဖွင့်၍ မဖွင့်ရန် ပြောရကြောင်း၊ ထိုသင်တန်းနေရာမှ ခဲယမ်းများထားရှိ၍ ကလေးငယ်များ သွား၍ မဆော့ရန် ထိန်းရကြောင်းရေးသားထားသလို ထိုသင်တန်းမှ ခဲယမ်းများပေါက်ကွဲမှု မည်သူ တာဝန်ယူမည် ဆိုသည်နှင့် KIO/ KIA တို့ မုန်လိုင်ခက်စစ်ရှောင်စခန်း အနီး ခဲယမ်း သိုလှောင်ထားမှုများ ပေါက်ကွဲ၍ သစ်ပင်များ၊ ကားများ၊ ဘောလုံးကွင်းလုပ်မည့်ဘက်ဟိုးများ အားလုံးပါ သွားသလို ထိုသို့ယမ်းများကို ဒုက္ခသည် စခန်းနားပုံထားသည့်အတွက် အားလုံး သေကုန်သည်”ဟု ရေးသားထားခြင်းဖြစ်ကြောင်းလည်း လူမှုကွန်ရက်တွင် ပျံ့နှံနေသည်။

လက်ရှိ နွေဦးတော်လှန်ရေးကာလတွင်မူ ဒရုန်းဖြင့် Drop Bomb ချခြင်းမှာ PDF နှင့် EAOs များ အဓိက အသုံးပြုသော လေကြောင်း တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး ပြီးခဲ့သော စက်တင်ဘာ ၃ ရက်ကလည်း မြဝတီမြို့ထွေအုပ်ရုံးကိူ Federal Wing PDF က ဒရုန်းဖြင့် ဗုံးကြဲ၍ အဆောက်အအုံ ကြီးစွာ ပျက်စီးသည့်အပြင် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ယာဉ်ထိန်း ဒုရဲမှူး နေလင်းစိုး အပါအဝင် နိုင်ငံ့ဝန်ထမ်း ၅ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့သဖြင့် NUG ကပင် ထိုသို့ ဒရုန်းဖြင့် ထိရောက်အောင်တိုက်ခိုက်ပြနိုင်၍ဆိုကာ Federal Wing PDF အဖွဲ့ကို ကျပ် သိန်း ၁၀၀ ဆုချခဲ့ကြောင်း သတင်းရင်းမြှစ်များအရ သိရသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်က ဖားကန့်နယ်မြေရှိ KIA တပ်မဟာ (၉)ဌာနချုပ် ရှိရာ အနန့်ပါ ဖြစ်စဉ်တွင်မူ တပ်မတော်က တန်ပြန်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ယင်းတန်ပြန်ဆောင်ရွက်မှုအတွင်း KIA တပ်မဟာ(၉)တပ်မဟာမှူး၊ ဒုတပ်မဟာမှူးအပါအဝင် PDF များသေဆုံးခဲ့ကြောင်း တပ်မတော်က တရားဝင် ထုတ်ဖော်ပြောကြားထားသည်ကို တွေ့ရသည်။

မုန်လိုင်ခက်ဒေသသည် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့၌ (၂)မိုင်ခန့်သာ ကွာဝေးပြီး ယင်းနေရာတွင် KIA နှင့် ၎င်း၏ မိသားစုဝင်များ နေထိုင်ကြောင်း သတင်းရင်းမြှစ်များအရ သိရပြီး ယမန်ည ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ထွက်ပေါ်လာသည့် အပျက်အစီးများကြားတွင် ရိုက်ကူးထားသည့် ရုပ်သံများတွင် လေကြောင်းတိုက်ခိုက်မှု မဟုတ်ကြောင်းနှင့် အနီးရှိ ခဲယမ်း သိုလှောင်ထားမှုများ ပေါက်ကွဲမှု ကြောင့် လူများ၊ သစ်ပင်များ၊ ကားများ၊ ဘောလုံးကွင်းလုပ်မည့် ဘက်ဟိုးများ အားလုံးပါ သွားကြောင်း ဂျိန်းဖော့ ဘာသာစကားဖြင့် အမျိုးသမီးအချို့က ပြောဆိုနေကြသည်ကိုလည်း တွေ့ရသည်။

မုန်လိုင်ခက်ပေါက်ကွဲမှုတွင် KIA/KIO စစ်သင်တန်းနည်းပြ ဗိုလ်ကြီး နောင်ဇော်၊ ဗိုလ်ကြီး ဇော်ရှိန်း၊ တပ်ကြပ် အင်ခူလ အပါ အရာရှိ ၅ ဦးနှင့် သင်တန်းသား ၂၀ ခန့်၊ အနီး စစ်ရှောင်စခန်းအနီးက ကလေးငယ်၊ အမျိုးသား၊ အမျိုးသမီး အချို့ သေဆုံးကာ လူ ၃၀ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြှစ်များအရ သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။