Trending Now

နေရာ ရွှေ့ပြောင်းခြင်းမပြုဘဲ ထိပ်တိုက်ရင်ဆိုင်သွားမည်ဟု ဆိုရှရော်ခကျေးရွာအနီး စွန့်ပစ်မြေစာပုံဟောင်းက ရေမဆေးသမား မိသားစုများဆို

Spread the love

နေရာ ရွှေ့ပြောင်းခြင်းမပြုဘဲ ထိပ်တိုက်ရင်ဆိုင်သွားမည်ဟု ဆိုရှရော်ခကျေးရွာအနီး စွန့်ပစ်မြေစာပုံဟောင်းက ရေမဆေးသမား မိသားစုများဆို

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှရော်ခ ကျေးရွာအနီး စွန့်ပစ်မြေစာပုံဟောင်းတွင် တဲထိုးကာ နေထိုင်နေကြသည့် ရေမဆေးသမား မိသားစုများကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့ခန့်က အမြန်ဖယ်ရှားကြရန်ပြောဆိုထားသော်လည်း ယင်းနေရာတွင် နေထိုင်နေသည့် မိသားစုဝင်များမှာ ဖယ်ရှားခြင်း မပြုဘဲ ထိပ်တိုက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း အဆိုပါ မြေစာပုံဟောင်းတွင် နေထိုင်ကြသူများထံမှ သိရသည်။

အေးမြသာယာရပ်ကွက်အတွင်းရှိ ရှာရော်ခကျေးရွာ အနီး နေရပ်အသီးသီးမှ ကျောက်ရှာဖွေရန်လာရောက်ကြသည့် ရေမဆေးသမားမိသားစုများမှာ ယင်းနေရာတွင် နေထိုင်လာခဲ့သည့်မှာ (၂)နှစ်ခန့် ကြာမြင့်နေပြီး ယခုကဲ့သို့ အတင်းအကျပ်ပြောင်းရွှေ့ခိုင်းခြင်း အပေါ်လက်မခံကြောင်း၊ ရွှေပြောင်းခြင်း မပြုဘဲ ထိပ်တိုက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ယင်းနေရာတွင် နေထိုင်နေသည့် ဒေသခံတစ်ဦးက ပြောသည်။

“သူတို့ သက်မှတ်ပေးထားတဲ့ (၅)ရက်လဲ ပြည့်တော့မယ်၊ ကျနော်တို့ဘက်က ပြောင်းရွှေပေးဖို့ အရမ်းခက်ခဲ့တယ်၊ သူတို့ ခြိမ်းခြောက်မှုကြောင့် မိသားစု (၃၀) လောက်တော့ ပြောင်းရွှေ့နေထိုင်နေကြပြီ၊ တစ်ချို့က ဆွေမျိုးတွေဆီ သွားနေကြတယ်၊ တစ်ချို့က သူတို့သတ်မှတ်ပေးထားတဲ့နေရာမှာဘဲ အန္တရာယ်ရှိတာ သိသိနေ မသက်သာသလို နေထိုင်နေရတယ်၊ တိုင်ကြားမှုတွေ၊ စာတင်တာတွေ လုပ်ထားပြီးပြီ၊ ကချင်ရိုးရာယဉ်ကျေးမှုကော်မတီကိုလဲ တင်ပြပြီး တရားရင်ဆိုင်ဖို့လဲ ဆုံးဖြတ်ထားတယ်၊ သူတို့ဘက်က လာရှင်းရင်လဲ ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားကြပြီးပြီဗျ ” ဟု ၎င်းက ပြောသည်။

အဆိုပါ နေရာမှ ပြောင်းရွှေ့သူများအတွက်လည်း တဲတစ်လုံးကို တစ်သိန်းကျပ်စီ လျော်ကြေးပေးမည် ဖြစ်ကြောင်း၊ ပြောင်းရွှေ့ရန် နေရာသတ်မှတ်ပေးထားသော်လည်း နေရာကျဉ်းသည့်ပြဿနာများ၊ ချပေးထားသည့်နေရာမှာလည်း ချောင်းဘေးဖြစ်သည့်အတွက် အန္တရာယ်များဖြင့် ကြုံတွေ့နိုင်ကြောင်း ယင်းနေရာတွင် နေထိုင်နေသူတစ်ဦးက ပြောသည်။

“သူတို့က တဲတစ်တဲကို တစ်သိန်း ပေးမယ်ပြောတယ်၊ ပြောင်းရွှေဖို့ နေရာကလည်း ရှရော်ခ ချောင်းနဘေး မြေစာပုံမှာ ချပေးထားတယ်၊ အဲ့ချောင်ဘေးက မျှောကြောင်းက တကယ်ကို ကြီးတော့ မိုးတွင်းဆို လူမပြောနဲ့ ကားတောင်ပါလို့ လူသေတာတွေလဲရှိတယ်၊ မိုးတွင်းဆို သေချာတယ် ရေကြီးပြီး နေတဲ့သူတွေကလဲ အန္တရာယ်ဖြစ်မှာ၊ နောက်ပြီး နေရာသတ်မှတ်ပေးထားတာကလဲ (၁၀)ပေ (၁၅)ပေ ပတ်လည်လောက်လေးတွေ အတော်လဲ ခက်ခဲတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါနေရာကို ကုမ္ပဏီတစ်ခုမှ လုပ်ကွက်ပြုလုပ်ရန် စာကျပြီ ဟုဆိုကာ ဖယ်ရှားခိုင်းခြင်း ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့မှ (၂၅) ရက်နေ့အထိ (၅)ရက်အတွင်းဖယ်ရှားပေးရမည် ဖြစ်ကြောင်း၊ မဖယ်ရှားပေးပါက ဘတ်ဟိုးများဖြင့် ဖျက်ဆီးမည်ဟု ခြိမ်းခြောက် ပြောဆိုထားကြောင်း သိရသည်။

လက်ရှိ ရှရော်ခ ကျေးရွာအနီးပိုင်ရှင်မဲ့ စွန့်ပစ်မြေစာပုံဟောင်းတွင် နေထိုင်နေကြသည့် ရေမဆေးသမား မိသားစုပေါင်း (၁၂၀) ကျော် လူဦးရေ (၇၀၀)ကျော် နေထိုင်လျက်ရှိကာ နေထိုင်ခဲ့သည့်မှာ (၂)နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။