Trending Now

မိုးမောက်မြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူများအတွက် ဗန်းမော်ခရိုင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ စားသောက်ကုန်များသွားရောက်လှူဒါန်း

Spread the love

မိုးမောက်မြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူများအတွက် ဗန်းမော်ခရိုင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ စားသောက်ကုန်များသွားရောက်လှူဒါန်း

EPN
မြစ်ကြီးနား၊ နိုဝင်ဘာလ ၂

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် တပ်မတော် နှင့် ကေအိုင်အေ အဖွဲ့တို့ကြား တိုက်ပွဲများပြင်းထန်မှုကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်လာသည့် မိုးမောက်မြို့ပေါ်နှင့် ဗန်းမော်မြို့များမှ တိုက်ပွဲရှောင်ပြည်သူများအတွက် လိုအပ်သည့် စားသောက်ကုန်များကို ဗန်းမော်ခရိုင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင်ပြည်သူများမှာ စားဝတ်နေရေးအတွက် အခက်အခဲများဖြင့် ကြုံနေရသည့်အတွက် လူသားချင်းစားနာထောက်ထားကူညီသည့် ရည်ရွယ်ချက်များဖြင့် သွားရောက်လှူဒါန်းဖြစ်ခဲ့ကြောင်း ဗန်းမော်ခရိုင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ မိုးမောက်မြို့နယ်အနီးမှာက မကြာသေးမီရက်ပိုင်းက တိုက်ပွဲတွေ ဖြစ်ကြတယ်၊ လုံဂျာ၊ဝဝမ် ဘက်က ဒေသခံတွေက ဘေးလွတ်ရာကိုပြေးလာကြတယ်ကြားတော့ သူတို့အတွက် လူသားချင်းစားနာထောက်ထား ကူညီတဲ့အနေနဲ့ သူတို့ရဲ့ စားဝတ်နေရေးအတွက် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ ၊ကြက်ဥ စတဲ့ စားသောက်ကုန်တွေလှူဒါန်းခဲ့တာဖြစ်တယ်” ဟု ၎င်းကပြောသည်။

ဗန်းမော်ခရိုင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အနေဖြင့် မိုးမောက်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ကျပ်ငွေ (၅)သိန်းကျော် တန်ဖိုးရှိသည့် ဆန်၊ဆီ၊ ကြက်ဥ စသည့် အခြေခံစားသောက်ကုန်များကိုလည်းကောင်း၊ အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ဗန်းမော် မြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန် (၄)အိတ်၊ ဆီ(၅)ပိသာပုံး ၂ ပုံးနှင့် ကျပ်ငွေ (၄)သိန်းတို့ကိုလည်းလှူဒါန်းခဲ့ကြောင်းသိရသည်။

လက်ရှိ တိုက်ပွဲရှောင်ပြည်သူများမှာ မိုးမောက်မြို့နယ်နှင့် ဗန်းမော်မြို့နယ်များရှိ ဘုန်းကြီးကျောင်း၊ ခရစ်ယန်ကျောင်းများတွင် နေထိုင်နေရပြီး စားဝတ်နေရေးအတွက် အခက်အခဲများရှိသည့်အပြင် ဆောင်းတွင်ကာလဝင်ရောက်လာပြီ ဖြစ်သည့်အတွက် အခင်းများ၊ စောင်များ၊ အနွေးထည်များစသည့် ဆောင်တွင်း အသုံးအဆောင်များ အရေးတကြီး လိုအပ်နေကြောင်း တိုက်ပွဲရှောင်ပြည်သူများအတွက် ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကပြောသည်။

“ တိုက်ပွဲရှောင်တွေအတွက် အခက်အခဲတွေအများကြီးရှိတယ်၊ စားဝတ်နေရေးဘက်လဲ အတော်လေးခက်ခဲတယ်၊ အရေးကြီးတာက ယာယီတိုက်ပွဲရှောင်စခန်းတွေမှာနေထိုင်နေရတာက ကြမ်းပြင်ပေါ်မှာပဲ မိသားစုလိုက်နေထိုင်နေရတယ်၊ ဆောင်းတွင်းရောက်လာပြီဆိုတော့အောက်ခင်းတွေ၊ စောင်တွေ၊ အနွေးထည်တွေက အရေးတကြီးလိုအပ်လာတယ်၊” ဟု ၎င်းကပြောသည်။

အောက်တိုဘာ ၂၂ ရက်နေ့ကစတင်၍ တပ်မတော်နှင့်ကေအိုင်အေ အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် လုံဂျာ၊ ဝဝမ်၊နောင်ပေါင်း၊ကွမ်ဘန် ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရသည်။

လက်ရှိ မိုးမောက်မြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများမှာ မိုးမောက်မြို့ ခါနန်ရပ်ကွက်ရှိ လောကမာရဇိန်ဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စု ၆၄ စု ၊လူဦးရေ ၂၅၀ ဦး ၊ မိုးမောက်အလင်းကောင်ရပ်ကွက်ရှိ နှစ်ချင်းခရစ်ယာန် ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၂၀ စု ၊ လူဦးရေ ၅၆ ဦး၊ RCခရစ်ယာန်ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၄၉ စု၊ လူဦးရေ ၂၂၉ ဦး ၊စုစုပေါင်း အိမ်ထောင်စု ၁၃၃ စု ၊လူဦးရေ ၅၃၅ ဦး နှင့် ဗန်းမော်မြို့နယ် သိမ်တော်ကြီးဘုန်းကြီးကျောင်း၊ ရွှေကျောင်း ဘုန်းတော်ကြီး ကျောင်း၊ မိုးကုတ်ရိပ်သာ တို့တွင် လူဦးရေ (၆၀)ကျော် ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။