Trending Now

မြစ်ကြီးနားမြို့ရှိ လူငယ်များ အလုပ်ကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေရရှိစေရေးအတွက် အခြေခံ စက်ချုပ်ပညာသင်တန်း အခမဲ့ ဖွင့်လှစ်ပေးသွားမည်

Spread the love

မြစ်ကြီးနားမြို့ရှိ လူငယ်များ အလုပ်ကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေရရှိစေရေးအတွက် အခြေခံ စက်ချုပ်ပညာသင်တန်း အခမဲ့ ဖွင့်လှစ်ပေးသွားမည်

EPN
မြစ်ကြီးနား ၊နိုဝင်ဘာ ၁၆

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့မ ရပ်ကွက် လူမှုအခြေပြု ဗဟိုဌာန(Community center)တွင် မြစ်ကြီးနားမြို့ရှိ လူငယ်များ အလုပ်ကိုင်အခွင့်လမ်းနှင့် မိသားစုဝင်ငွေရရှိစေရေးအတွက် (၁)လတာ အခြေခံ စက်ချုပ်သင်တန်းကို နိုဝင်ဘာလ ၂၁ ရက်နေ့မှစတင်ကာ ဒီဇင်ဘာလ ၂၁ ရက်နေ့ထိ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“အဓိက ကတော့ ဒီကချင်ပြည်နယ်မှာရှိတဲ့ဒေသခံပြည်သူတွေအတွက်ပေါ့၊ အခုချိန်က အခြေအနေအမျိုးမျိုးတွေကြောင့် တစ်ချို့မိသားစုတွေဆို အလုပ်အကိုင်ရှာရတာမလွယ်ဘူး၊ မိသားစုထဲဝင်ငွေကမရှိတော့ဒုက္ခတွေရောက်ကြတယ်၊ဒါကြောင့် သင်တန်းကြေးလည်း အခမဲ့ဖွင့်လှစ်ပေးမယ်၊ဒီလို တစ်ဖက်တစ်လမ်းကနေ မိသားစုထဲ ဝင်ငွေရရှိစေဖို့နဲ့ အလုပ်အကိုင်လေး ရရှိစေရန်ဆိုပြီး ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ အခမဲ့ စက်ချုပ်သင်တန်းအား စက်ချုပ်ပညာ စိတ်ဝင်စားသည့် မည်သူမဆို လာရောက်စာရင်းပေး နိုင်သော်လည်း သင်ကြားရေးပစ္စည်းမလုံလောက်မှုကြောင့် လူဦးရေကန့်သတ်ထားကြောင်း သိရသည်။

ယင်းကဲ့သို့ သင်တန်းလာရောက်အပ်နှံရာတွင် မှတ်ပုံတင်းမူရင်းနှင့်မိတ္တူ (၁)စောင် ယူဆောင်လာပြီး လူထုအခြေပြုဗဟိုဌာန(မြစ်ကြီးနား)အောင်ဆန်းလမ်း၊ခရေပင်လမ်းထောင့်၊မြို့မရပ်ကွက်၊(၀၉-၂၆၆၅၉၄၉၅၆)သို့ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း သိရသည်။

ယင်းသင်တန်းတွင် အခြေခံလက်ချုပ်နည်း၊ အခြေခံစက်ချုပ်နည်း၊ကလေးဝတ်ဘောင်းဘီ (အတို၊အရှည်) အမျိုးသားဝတ် အင်္ကျီ၊ ဘလောက်အင်္ကျီ (ရင်စေ့၊ရင်ဖုံး) ၊သုံးလွှာ၊လေးလွှာ ချုပ်နည်းများကို၊ စာတွေ့လက်တွေ့ဖြင့် သင်ကြားပေးသွားမှာဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားလူမှုအခြေပြု ဗဟိုဌာန(Community center)၊အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း ကို တတိယအကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ၎င်းသင်တန်းပြီးဆုံးပါက အခြေခံကွန်ပြူတာသင်တန်းကိုလည်း အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။