Trending Now

KIA မှ နာဂလူငယ်များကို မတရားနည်းလမ်းဖြင့် တပ်သားသစ်များ စုဆောင်းနေသည်ဟုဆို

Spread the love

KIA မှ နာဂလူငယ်များကို မတရားနည်းလမ်းဖြင့် တပ်သားသစ်များ စုဆောင်းနေသည်ဟုဆို

EPN
မြစ်ကြီးနား၊အောက်တိုဘာ ၅

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်အတွင်းနေထိုင်ကြသော နာဂလူငယ်များကို KIA ဘက်မှ မတရားနည်းလမ်းများဖြင့် တပ်သားသစ်စုဆောင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့ နှင့် ၃ ရက်နေ့တွင်လည်း ရှင်ဗွေယန်မြို့နယ် တရုံကျေးရွာမှ နာဂလူငယ်နှစ်ဦးကို အိမ်ပေါ်ထိတက်ကာ အတင်းအဓမ္မနည်းလမ်းဖြင့် ခေါ်ဆောင်သွားကြောင်း ရှင်ဗွေယန်မြို့ရှိ ဒေသခံတစ်ဦးထံမှ သိရသည်။

“ဟိုတပတ် စနေညက လူငယ်တစ်ယောက်ကို လာဖမ်းသွားတယ်၊ ပြီးတော့ ၃ ရက်ညကလည်း ‌နာဂလူငယ်တစ်ယောက်ကိုလည်း အိမ်ပေါ်ထိတက်ပြီး ဖမ်းခေါ်တာ၊ အဲ့တစ်ယောက်ကတော့ ပြေးသွားတယ်အဲ့တာကြောင့် သူ့အကိုဖြစ်သူကိုပဲ ခေါ်သွားတာ”ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ KIAဘက်မှ နာဂလူမျိုးများကို တပ်သားသစ် မတရားစု‌ဆောင်းမှုပြုလုပ်နေခြင်းမှာ ယခုမှလုပ်ဆောင်နေရခြင်း မဟုတ်ပဲ ယခင်နှစ်များစွာကတည်းက ပြုလုပ်နေခဲ့ကြောင်း သိရပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် နာဂလူမျိုးများကို အပေါ်စီးမှ မတရားလုပ်ဆောင်ခံ‌နေရခြင်း ဖြစ်ပြီး မိမိနာဂလူမျိုး လက်နက်ကိုင်များကပင် မိမိလူမျိုးများကို အတင်းအဓမ္မခေါ်ဆောင်ခြင်းမပြုဘဲ မိမိဆန္ဒရှိစွာဖြင့် အမျိုးသားရေး စိတ်ရှိသည့် လူငယ်များကိုသာ လက်နက်ကိုင် အဖွဲ့အစည်းထဲ လက်ခံနေကြောင်း ရှင်ဗွေယန်မြို့ရှိ နာဂရပ်မိရပ်ဖတစ်ဦးထံမှ သိရသည်။

“ဒီလိုလုပ်နေတာက အခုမှမဟုတ်ဘူးအရင်ကတည်းက နာဂလူမျိုးတွေကို ဒီလိုပဲလုပ်နေတာ၊ ကိုယ့်အမျိုး‌တွေကတောင်လက်နက်ကိုင် တပ်ထဲအတင်းမခေါ်ဘူး၊ လုပ်ချင်တဲ့သူ၊ အမျိုးသားရေးစိတ်ဆန္ဒရှိတဲ့သူတွေကိုပဲ လက်ခံတာ၊ ကျွန်တော်တို့ နာဂအမျိုးတွေထဲမှာလည်း တစ်အိမ်ကတစ်ယောက် လက်နက်ကိုင်ထဲဝင်ရမယ်ဆိုတာတော့ရှိတာပဲလေ၊ ဒါပေမဲ့ အဲ့လိုမလုပ်ချင်တဲ့သူတွေကို အတင်းခေါ်တာမျိုးမရှိဘူး၊ ဥပမာပြောရရင် မိသားစုတစ်စုထဲက သားတစ်ယောက်ပဲရှိတယ်၊ အဲ့တစ်ယောက်ကိုခေါသွားမယ်ဆိုရင် မိဘတွေကို ဘယ်သူလုပ်ကျွေးမှာလဲ၊ နှစ်ယောက်ရှိရင်တော့တစ်မျိုးပေါ့၊ ဒါပေမဲ့ အဲ့လိုတစ်အိမ်ထဲမှာသားနှစ်ယောက်ရှိရင်လည်း ‌အတင်းအဓမ္မဘယ်တော့မှ မခေါ်ဘူး၊ အခု KIAတွေက များနေပြီ အိမ်ပေါအထိတောင်တက်ပြီးအတင်းလာခေါ်နေကြတာ၊ ကျွန်တော်တို့ဘက်က လူကြီး‌တွေကလည်း အဲ့လိုမလုပ်ဖို့ပြောခဲ့ပေါင်းလည်း မနည်းတော့ဘူး၊ရှေ့ဆက်လုပ်နေဦးမယ်ဆိုရင်တော့လူမျိုးရေး ပြသနာတွေဖြစ်လာမှာပဲ”ဟု ၎င်းက ဆိုသည်။

KIA မှ တပ်သားသစ် စုဆောင်းသွားသည့် နာဂလူမျိုးများ အပြင် အခြားလူမျိုးများကိုလည်း ကချင်နာမည် ပြောင်းပေးလေ့ရှိကာ မိဘပေးထားသည့် လူမျိုးနာမည်များကိုဖျောက်ပေးထားလျှက်ရှိကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

“KIA တွေက သူတို့ထဲရောက်သွားရင် နာမည်တွေ ပြောင်းပေးလိုက်တာတို့၊တကယ်လို့ နောက်နောင် သမိုင်းဘာညာ လိုက်လာရင်‌တောင်မှ မိဘက ပေးလိုက်တဲ့ နာမည်က ပျောက်သွားတယ်၊ ရှာမတွေ့တော့ဘူး၊ လူပျောက်တာဆိုတာထက် နာမည်တွေ ပြောင်းပေးလိုက်တာတွေလုပ်တာ၊ အဲဒီခါကြတော့ ရှင်းရှင်းပြောရရင် သူတို့ နိုင်ငံရေးလုပ်တာ မဟုတ်ဘဲနဲ့ လူမျိုးရေးလုပ်တာပဲ” ဟု နာဂရပ်မိရပ်ဖ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်းတွင် ရှင်ဗွေယန်မြို့မှ နာဂလူငယ်(၂)ဦး၊လဂျားဘွန်ကျေးရွာမှ နာဂလူငယ် (၁)ဦး၊ စစ်ကိုင်းတိုင်း အထက်ပိုင်း နာယန်းကျေးရွာမှ နာဂလူငယ် (၃)ဦး တို့ကို KIA မှ မတရားနည်းဖြင့် တပ်သားစုဆောင်းခံရသည့်အတွက် နာဂအဖွဲ့အစည်းများမှ တောင်းဆိုမှုကြောင့် အချို့ကို လွတ်ပေးခဲ့ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။