Trending Now

မိုးရွာသွန်းမှုကြောင့် တနိုင်း-မိုင်းခွန်ကျေးရွာသွားလမ်းများ ပျက်စီးနေပြီး ပြည်သူများ သွားလာရန်ခက်ခဲနေ

Spread the love

မိုးရွာသွန်းမှုကြောင့် တနိုင်း-မိုင်းခွန်ကျေးရွာသွားလမ်းများ ပျက်စီးနေပြီး ပြည်သူများ သွားလာရန်ခက်ခဲနေ

EPN
မြစ်ကြီးနား၊ မေ ၁၆

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နှင့် မိုင်းခွန်ကျေးရွာဘက်သို့ သွားလမ်းမှာ မိုးရွာသွန်းမှုကြောင့် လမ်းများ ပျက်စီးနေပြီး ပြည်သူများသွားလာရန်အခက်အခဲရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

မိုင်းခွန်လမ်းမှာ အများပြည်သူ သွားလာသည့် လမ်းဖြစ်ပြီး မိုင်းခွန်ကျေးရွာဘက်တွင် ပရင်းမှော်များ ရှိသည့်အတွက် လူသွားလူလာများသည့် လမ်းဖြစ်နေသကဲ့သို့ ယခုအချိန် မိုးများရွာသွန်းသည့်အတွက် လမ်းများတွင် နွံများ၊ ရွှံ့များ ဖြစ်ပေါ်လာကာ သွားလာရန်ခက်ခဲနေကြောင်း မိုင်းခွန်ကျေးရွာ ဒေသခံတစ်ဦးထံမှ သိရသည်။

“ မိုးရွာတော့ လမ်းတွေက နွံတွေ၊ ရွှံ့တွေဖြစ်လာပြီး ဘယ်လိုမှ သွားလာလို့အဆင်မပြေဘူး။ ကျွန်မတို့ဆို ဆိုင်ကယ်ခဏခဏလဲတယ်။ အပြင်ထွက်တိုင်းစိတ်ညစ်ရတယ်။ ဒီလမ်းကြောင့် ဈေးဝယ်သွားလို့လည်းမရ မဝယ်ရင်လည်းမရဆိုတော့ မတတ်နိုင်အဆုံးသာ အဝတ်တွေအေပခံပြီး မောင်းနေရတာ။ ဖြစ်နိုင်ရင်တော့ တာဝန်ရှိတဲ့သူတွေက လာရောက်ကြည့်ရှုပြီး ပြုပြင်ပေးစေချင်တာပေါ့” ဟု ၎င်းကဆိုသည်။

အဆိုပါ တနိုင်း-မိုင်းခွန်ကျေးရွာသွားလမ်းမှာ ၂၀၂၂ ခုနှစ်တွင် ပြုပြင်ပေးထားသည့် လမ်းဖြစ်ကြောင်းသိရပြီး ယခုကဲ့သို့ မိုးတွင်းမဝင်ခင်မှာပင် လမ်းများပျက်စီးနေပြီး ဆက်လက်၍ လမ်းများပျက်စီးကာ ပြည်သူများအသွားအလာ ခက်ခဲနေမည်ကို ဒေသခံများက စိုးရိမ်နေသည့်အတွက် တာဝန်ရှိသူများမှ ပြုပြင်ပေးစေလိုကြောင်း ဒေသခံများထံမှ သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။