Trending Now

COVID-19ကြောင့် ဆောင်းသီးနှံချေးငွေပြန်ဆပ်ရန် တောင်သူများ အခက်အခဲဖြစ်နေ

Spread the love

COVID-19ကြောင့် ဆောင်းသီးနှံချေးငွေပြန်ဆပ်ရန် တောင်သူများ အခက်အခဲဖြစ်နေ

EPN
မြစ်ကြီးနား၊ မေ ၁၃

ကချင်ပြည်နယ်အတွင်းရှိ လယ်စိုက်တောင်သူများအနေဖြင့် လက်ရှိတွင် COVID-19 ဖြစ်ပွားနေသည့်အတွက် ဆောင်းသီးနှံချေးငွေပြန်ဆပ်ရန် အခက်အခဲဖြစ်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့်ဆောင်းရာသ်ီက သီးနှံများစိုက်ပျိုးရာတွင် ပိုးကျခြင်းနှင့် COVID-19 ကြောင့် သီးနှံများဈေးကွက်ပျက်သည့်အတွက် ဆောင်းသီးနှံချေးငွေများ ပြန်ဆပ်ရန် အခက်အခဲဖြစ်နေရခြင်းဖြစ်ကြောင်း တာလောကြီးကျေးရွာမှ တောင်သူ ဒေါ်ရင်အုံးက ပြောသည်။

“ပြန်ဆပ်ဖို့ဆိုတာက အဆင်မပြေပါဘူး။ ကျွန်မတို့ စိုက်ထားတဲ့ သီးနှံတွေကလည်း လုံးဝ မအောင်မြင်ဘူး၊ နောက်ပြီး ခါတိုင်းပြောင်းတစ်ထုတ်ကို တစ်ဧကစိုက်ရင်  ၂၀ ထွက်တယ်၊ ဒီနှစ်မှာတော့ ၁၀ ပဲထွက်ပါတယ်။ အဲ့လို အသီးအနှံတွေ မအောင်တာကတစ်မျိုး၊ အခု ကိုဗစ်ကြောင့် ဈေးကွက်ပျက်တာက တစ်မျိုးဆိုတော့ အဆင်မပြေပါဘူးရှင်”ဟု ဒေါ်ရင်အုံးက ဆိုသည်။

ထို့ပြင် ကချင်ပြည်နယ်အတွင်းရှိ တောင်သူများအနေဖြင့် COVID-19 ကြောင့်  သီးနှံဈေးကွက် ပျက်သွားသည့်အတွက် အတိုးနှုန်းလျော့ချတာဖြစ်စေ၊ ပြန်ဆပ်ချိန် နောက်ဆုတ်တာဖြစ်စေ လုပ်ဆောင်ပေးရန် ဆန္ဒရှိနေကြသည်။

“ ကျွန်မတို့ဆန္ဒကတော့ အတိုးနှုန်းလျော့ချပေးတာပဲဖြစ်ဖြစ်၊ ပြန်ဆပ်ချိန်နောက်ဆုတ်တာပဲဖြစ်ဖြစ် တစ်ခုခုတော့ လုပ်ပေးစေချင်တယ်။ အခုက ပြောင်းဈေးနှုန်းပဲ ပြောရအောင်။ တရုတ်ဘက်လည်းပို့မရ၊ မြဝတီဘက်ပို့မယ်ဆိုလည်း အလုပ်မဖြစ်ဘူးလေ။ ဖရဲလည်း အတူတူပဲ။ နောက်တစ်ခုက ဒီဆောင်းသီးနှံပြန်မဆပ်နိုင်ရင် မိုးချေးငွေမရမှာလည်းစိုးတော့ တောင်သူတွေ အခက်အခဲဖြစ်နေတယ်”  ဟု တောင်သူ ဒေါ်ခင်သိန်းက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြစ်ကြီးနား)မှ ကြီးကြပ်ရေးမှူး ဒေါ်မြတ်နွဲ့သန်းက “ ပြန်ဆပ်ရက်ကို လျော့ပေးတာမျိုးတော့ မရှိဘူး၊ အတိုးနှုန်းကိုတော့ ၅% အထိလျော့ထားပေးတယ်။ တောင်သူတွေ အနေနဲ့ကလည်း ဆောင်းသီးနှံချေးငွေကျေမှသာ မိုးသီးနှံချေးငွေက ရမှာဆိုတော့လေ ရက်တော့ လျော့ပေးတာမရှိပါဘူး ပြန်ဆပ်ကာလစောသေးတယ်ဆိုပေမယ့်လည်း တစ်ဖြည်းဖြည်းတော့ လာဆပ်နေကြပါတယ်။ မြစ်ကြီးနားမြို့နယ်ထဲမှာဆိုရင် တောင်သူ ၄% လောက် လာဆပ်ပြီးပါပြီ ”ဟု ဆိုသည်။

အဆိုပါဆောင်းသီးနှံချေးငွေအား ကချင်ပြည်နယ်အတွင်းက တောင်သူ ၇၇၀၀ ကျော်အား ကျပ်သိန်းပေါင်း (၄၉၄၅၀.၅၀)ကျော် ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလကုန်အထိ ချေးငွေထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ချေးငွေပြန်ဆပ်ကာလမှာ ယခုနှစ် ၂၀၂၀ ခုနှစ်
စက်တင်ဘာလကုန်အထိ သတ်မှတ်ထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြစ်ကြီးနား)ရုံးမှ သိရသည်။

မိုးလေး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။