Trending Now

ပညာသုံးမျိုးနှင့် ပြည့်စုံပါစေ

Spread the love

ပညာသုံးမျိုးနှင့် ပြည့်စုံပါစေ
EPN
ဆောင်းပါး၊ စက်တင်ဘာ ၁၆
သက်ရှိအားလုံးတွင် ဘဝကိုယ်စီရှိသည်။ မွေးဖွားသည်မှ သေဆုံးသည်အထိ ကြားကာလ သက်တမ်းကို ဘဝဟု ခေါ်ဆိုကြသည်။
လူသည် ဘဝတစ်ခု (သို့) ရရှိထားသည့် တစ်ဘဝကိုကောင်းမွန်စွာ ရပ်တည်နိူင်ရေးအတွက် ပညာသုံးမျိုးဖြင့် ပြည့်စုံမှသာလျှင် သူ့ဘဝနှင့် သူ့ပတ်ဝန်းကျင်အတွက် လူတော်လူကောင်း ဖြစ်ပေလိမ့်မည်။ ၎င်းတို့မှာ –
အသိပညာ၊ အတတ်ပညာနှင့် အလိမ္မာပညာတို့ပင်ဖြစ်သည်။ ငယ်စဥ်တောင်ကျေး ကလေးဘဝတွင် မိဘများမှ ပူတတ်သည့်အရာကို ပူပူ၊ အန္တရာယ်ရှိသည့်အရာ ကြောက်ကြောက် စသည့်ဖြင့် လာလာ၊ သွားသွား၊ ကျကျ စသည်များကိုသိအောင် သွန်သင်ပေးသည့်အရာများကို အသိပညာဟုခေါ်ဆိုနိူင်ပေသည်။ အသိပညာကိုမိဘနှစ်ပါးမှ စတင်သင်ကြားပေးသဖြင့် ပုဗ္ဗစရီယမိနှင့်ဖဟု အသိပညာ၏ လက်ဦးဆရာများအဖြစ်ခေါ်ဆိုသတ်မှတ်ကြသည်။
အတတ်ပညာစတင် လက်ခံနိူင်မည့်အရွယ်တွင် အတတ်ပညာကို သင်ယူတတ်မြောက်စေချင်သည်မှာ မိဘတိုင်း၏ စေတနာ မေတ္တာပင်ဖြစ်သည်။ အသက်မွေးဝမ်းကြောင်း ပညာအမျိုးမျိုးရှိသည့်အနက် တစ်ဦးချင်းစီ၏ ဝါသနာအလိုက် အတတ်ပညာတစ်ခုခုကို ငယ်စဥ်အခါကပင် ကျွမ်းကျင်ပိုင်နိူင်စွာ သင်ယူတတ်မြောက်ထားသင့်ပေသည်။ သို့မှသာ မိမိဘဝကို မိမိစိတ်ကြိုက်ရပ်တည်နိူင်ပေလိမ့်မည် ဖြစ်သည်။
အသိပညာနှင့် အတတ်ပညာကို ခွဲခြားသိမြင်နိူင်ရပေမည် ဖြစ်သည်။ အသိပညာရှိယုံနှင့် မလုံလောက်ချေ။ အတတ်ပညာ လည်းလိုသည်။ နှစ်ခုစလုံး အထူးကျွမ်းကျင်တတ်မြောက်ထားရန် လိုအပ်သည်။ ထိုပြင် –
အသိပညာနှင့် အတတ်ပညာပြည့်စုံသော်လည်း အလိမ္မာပညာ မတတ်လျှင် ဘဝသည်ကျဆုံးတက်ပေသည်။ အဘယ်ကြောင့်ဆိုသော် ငယ်စဥ်တောင်ကျေး ကလေးဘဝ အစမှပင် မိဘဆရာများ၏ ဆိုဆုံးမမှု တိုင်ပင်ဆွေးနွေးမှုများကို မနာခံတတ်သောသူမှာ အလိမ္မာပညာဘယ်မှာ ရှိအံ့မည်နည်း။ ပညာသုံးရပ်နှင့် ပြည့်စုံသောသူကား ရှိသော်လဲ နည်းပါးချေသည်။ အတုယူဆင်ခြင်စရာပင်ဖြစ်သည်။
ပညာသုံးရပ်နှင့် ပြည့်စုံသောသူသည် ရောက်ရာ ပတ်ဝန်းကျင်တွင် လူရာဝင်ဆံ့နိူင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်သည့်အပြင် မိမိဖြစ်ချင်လိုသည့်အရာတွင် ဆန္ဒကိုဦးစားမပေးပဲ အသိတရားကို ရှေ့တန်းတင်၍ အတွေ့အကြုံရှိသူများနှင့် တိုင်ပင်ဆွေးနွေးတက် သည်။ အသိပညာဦးဆောင်သည့်အတွက် ကောင်းမွန်သည့်စိတ်ဆန္ဒ စကားဖြင့် ကောင်းမွန်သူများကို ကောင်းသောအမှုအရာဖြင့် ချဥ်းကပ်တိုင်ပင်ပြောဆိုခြင်းသည် မင်္ဂလာဖြစ်ပေသည်။ အရပ်စကားဖြင့်ဆိုသော် အသိပညာနှင့် အတတ်ပညာအပေါ် မူတည်ပြီး ကောင်းမွန်သည့်အကျင့်ကို ကိုယ်တိုင်ကျင့်ကြံ၍ ကိုယ်ကျင့်တရားကောင်းမွန်သူဟု ဆိုရမည်ဖြစ်ပေသည်။
ပညာသုံးရပ်နှင့် ပြည့်စုံသူသည် သူ့ဘဝနှင့် သူ့ပတ်ဝန်းကျင်ကို ကောင်းကျိုးကိုသာ ဖြစ်ထွန်းစေသည်။ ကိုယ်စိတ်နှစ်ပါး အေးချမ်းစေသည်။ ထို့ကြောင့် အသက်ပေါင်းများစွာ၏ဘဝကို နွေးထွေးလုံခြုံမှုကို ဖြစ်ပေါ်စေသည်။ ပညာသုံးပါးနှင့် ပြည့်စုံသူထံ ချဥ်ကပ်ဝင်ထွက်သွားလာ တိုင်ပင်ဆွေးနွေးခြင်းသည် အသိပညာ ဗဟုသုတ အကြားအမြင် အကျိုးစီးပွားများ တိုးပွားပြီးနောက် အမှားအမှန် အကြောင်းအကျိုး အကောင်းအဆိုးတို့၏ နောက်ဆက်တွဲဖြစ်စဥ်များကို ဝေဖန်ပိုင်းခြားတတ်ပြီး ဘဝတွင် အမှားနည်း၍ စိတ်ဖိစီးသောကရောက်မှု ကင်းဝေးရပေသည်။
အသိပညာ၊ အတတ်ပညာနှင့် အလိမ္မာပညာများကို တတ်သိနားလည်သော်လည်း မလိုက်နာ မကျင့်သုံးခဲ့လျှင် ဆရာကြီးအောင်သင်း ဆိုသလို ကိုယ့်ကျင့်သည့်တရားသာလျှင် ကိုယ်ကျင့်တရား ဖြစ်ပေသည်။ ပစ္စုပ္ပန်ဘဝတွင် လူတိုင်းသည် ကိုယ်ပြုသည့်ကိုယ်ကျင့်တရားအတိုင်း ကိုယ့်အကျိုးကိုယ်ပြန်ခံစားရစမြဲပင် ဖြစ်ပေသည်။
ထိုအကြောင်းအရာနှင့် ဆက်စပ်၍ ကျေးညီနောင်ပုံပြင်ကို လူတိုင်းကြားသိဖူးသည်။ ပညာသုံးပါးနှင့်ပြည့်စုံသော ရှင်ရင်္သေ့ကျောင်းမှ ကျေးနှင့် လူဆိုးလူမိုက်တို့ထံမှကျေးတို့သည် ညီနောင်ဖြစ်ပြီး လေပြင်းမုန်တိုင်းကြောင့် မှီခိုရာချင်းတူသောလည်း ပတ်ဝန်းကျင်၏ အပြုအမူကြောင့် လားရာစရိုက်နှင့် ဘဝတို့မတူညီကြသည်မှာ သင်ခန်းစာယူစရာပင် ဖြစ်ချေသည်။
ယနေ့ခေတ်ပညာတတ်အချို့သည် အသိပညာနည်းမှုကြောင့် မိမိအတတ်ပညာကို အလိမ္မာပညာဖြင့် မစောင့်ရှောက်တတ်သဖြင့် မိမိဘဝကို တန်ဖိုးမထားတတ်ကြချေ။ ထိုသူများသည် ငယ်စဥ်ကပင် မိဘဆရာများ၏ ဆိုဆုံးမမှု တိုင်ပင်ဆွေးနွေးမှုများကို မနာခံတတ်သောသူများ သို့မဟုတ် အချီးနှီးလူဗလာကဲ့သို့ လူတကိုယ်ထင်တလုံးဖြင့် မာန်တက်နေသူများသာ ဖြစ်နိူင်ပေသည်။ ယနေ့ချိန်ခါတွင်မည်သူမဆို ဘဝတွင် အတတ်ပညာတစ်ခုတည်းဖြင့် မပြည့်စုံနိူင်သလို ရပ်တည်၍လည်းမရပေ။ အတန်းပညာတွင် အသိပညာ၊ အတတ်ပညာ၊ အလိမ္မာပညာများနှင့် ပေါင်းစုထားသော်လည်း စည်းကမ်းပြည့်ဝစွာနှင့် စနစ်တကျ မသင်ယူသောအခါတွင် အတန်းပညာသည် ရမှတ် သတ်မှတ်ချက်တစ်ခုသာ ဖြစ်ခဲ့ရပေသည်။ မိမိတို့ပတ်ဝန်းကျင်တွင် အတန်းပညာနည်းသော်လည်း အသိပညာနှင့် အတတ်ပညာ ပေါင်းစပ်လုပ်ကိုင် ရပ်တည်နေသူများရှိသလို အတတ်ပညာနှင့် ဆိုဆုံးမမှု၊ တိုင်ပင်ဆွေးနွေးမှု၊ ပဲ့ပြင်နာခံမှုနှင့် ရပ်တည်နေသူများနှင့် အတန်းပညာ၊ အတတ်ပညာမရှိပဲ အသိပညာနှင့် ဆိုဆုံးမမှုအောက်တွင် ဘဝကို တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းနေကြသူများကို အမျိုးမျိုးတွေ့မြင် ရနိူင်သည်။
အသိပညာ၊ အတတ်ပညာရှိသူများသည် အလိမ္မာပညာအတွက် လက်ရှိဘဝကို ဖြတ်သန်းရင်း အတွေ့အကြုံရှိသူများထံ ချဥ်းကပ်ဆွေးနွေး၍ ဆိုဆုံးမမှုကို နာယူတတ်ကြသည်။ လူတိုင်းသည် ဘဝတွင် အောင်မြင်မှုများကိုကြွားဝါချင်သော်လည်း ကျဆုံးမှုများကို မလိုလားပေ။ လူတိုင်းဘဝတွင် လွတ်လပ်မှုကို လိုလားသည်။ အသိပညာမဲ့၊ အတတ်ပညာမဲ့၊ အလိမ္မာပညာမဲ့ လွတ်လပ်ခြင်းမျိုးသည် ဘဝတွင် ပျက်စီးဆုံးရှုံးခြင်း၌သာ အဆုံးသတ်လေရှိသည်။ အသက် မရှုံးဆုံးသော်လည်း ခန္ဓာ သို့မဟုတ် စည်းစိမ်းဥစ္စာ သို့မဟုတ် လူ့ဂုဏ်သိက္ခာနှင့် ပတ်ဝန်းကျင် အသိုင်းအဝန်း၏ တန်ဖိုးများ ဆုံးရှုံးရစမြဲပင် ရှိလေသည်။
ထို့ကြောင့် ပညာရှိများသည် ဘဝတွင်သင်ယူရမည့် ပညာသုံးမျိုးနှင့် ပတ်သက်၍ အခြေအနေနှင့် အချိန်အခါလိုက်၍ နေတတ်ဖို့လိုသည်။ စားတတ်ဖို့လိုသည်။ သွားတတ်ဖို့လိုသည်ဟု ဆုံးမကြလေသည်။ ယနေ့အခါ၌ ပညာသုံးပါး မပြည့်စုံချိန်တွင် အသိပညာကို ရှေ့တန်းမတင်ပဲ ဆန္ဒကိုရှေ့တန်းတင်မိသည့် ဖြစ်စဥ်များကြောင့် ဘဝသံသရာထဲတွင် ဒုက္ခဝဲဂယက်များမှ တန်ဖိုးဖြတ်မရသည့် အသက်နှင့်ဘဝများ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးနေခြင်းမှာ လူ့ဂုဏ်သိက္ခာအရ အလွန်ကြီးမားသော ဆုံးရှုံးမှုကြီးပင် ဖြစ်ပေသည်။
ထို့ကြောင့် ပညာသုံးပါးနှင့် မပြည့်စုံသေးသူများအတွက် အမှောင်ဘဝကင်း၍ အလင်းဘဝပြန်ရောက်စေရန် မေတ္တာအရင်းခံ ရေးသားလိုက်ရပေသည်။
ခိုင်ကျော်မိုး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။