Trending Now

ပြည်တော်ပြန် ပို့ဆောင်သည့် ကားသမားများအား Quarantine ဝင်ခိုင်းရန် အဆင်မပြေဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးဆို

Spread the love

ပြည်တော်ပြန် ပို့ဆောင်သည့် ကားသမားများအား Quarantine ဝင်ခိုင်းရန် အဆင်မပြေဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးဆို

EPN
မြစ်ကြီးနား၊ မေ ၄

တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်များမှ ကချင်ပြည်နယ် အတွင်းသို့ သွားရောက်ခေါ်ဆောင်သည့် ကားသမားအား Quarantine ဝင်ခိုင်းရန် အဆင်မပြေနိုင်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောဆိုလိုက်သည်။

အဆိုပါ မော်တော်ယာဉ်မောင်း ကားသမားများအနေဖြင့် ပြည်တော်ပြန်များအား တစ်ခေါက်သွားကြို တစ်ခေါက် Quarantine ဝင်ရောက်ရပါက သွားကြိုမည့် ကားသမားများ မရှိနိုင်တော့ကြောင်းနှင့် ကားသမားများ၏ ကျန်းမာရေး အတွက် ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်ပေးထားကြောင်း ပြည်နယ်အစိုးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော် က ပြောသည်။

“ အဲ့ဒီလိုသာ ကားသမားတွေကို Qurantine လုပ်မယ်ဆိုရင် သွားကြိုပေးမယ့် ကားသမားလည်း ရှိမှာ မဟုတ်တော့ဘူး၊ ကားသမားတွေ ကိုယ်တိုင်ကလည်း တစ်ခေါက်ကြို Q တစ်ခေါက်ဝင်ဆိုရင် မလုပ်နိုင်ဘူးလို့ ပြောကြတယ်၊ ပြီးတော့ ကျွန်တော်တို့ ဘက်ကနေလည်း ကားသမားတွေကို ကျန်းမာရေးအတွက် Mask တပ်တာ၊ နယ်စပ်ဂိတ်တွေ အထွက်မှာရော ဒီဘက်အဝင်မှာရော ကိုယ်အပူချိန်တိုင်းတာတွေ လုပ်ပေးတယ်။ လမ်းခရီးမှာတောင် အစားစားတာမျိုး မလုပ်ခိုင်းဘဲ ထမင်းဗူးတွေ စီစဉ်ပေးလိုက်တာမျိုးတွေ လုပ်ဆောင် ပေးပါတယ် ” ဟု ၎င်း ကပြောသည်။

တရုတ်နိုင်ငံဘက်မှ ရောက်ရှိလာသည့် ပြည်တော်ပြန်များအား မြစ်ကြီးနားမြို့စီတာပူရပ်ကွက်ရှိ ကုန်တင်ကုန်ချ စခန်းတွင် ခေတ္တလက်ခံကာ ထိုမှတစ်ဆင့် သက်ဆိုင်ရာ မြို့နယ်များရှိ Quarantine Center များသို့ ပို့ဆောင် ပေးနေခြင်းဖြစ်ပြီး ပြည်တော်ပြန်များသည် Covid -19 ရောဂါဖြစ်နိုင်ခြေ ၅၀/၅၀ ဖြစ်သည့်အတွက် နယ်စပ်ဂိတ် များမှ သွားကြိုရသည့် ကားသမားများအား Quarantine ဝင်ခိုင်းသင့်ကြောင်း ယင်း ကုန်တင်ကုန်ချစခန်းတွင် Volunteer လုပ်အားပေး နေသည့် လူငယ်တစ်ဦးက ပြောပြသည်။

“ပြည်တော်ပြန်တွေဟာ Covid -19 ရောဂါဖြစ်နိုင်ခြေ ၅၀/၅၀ ဖြစ်တယ်လို့ အကြမ်းဖျင်း ယူဆမယ် ဆိုတော့ ကားနဲ့သွားကြိုတဲ့ နေရာမှာ ကားပေါ်ကို သတ်မှတ်ဦးရေပဲတင်စေချင်တယ်၊ တင်တဲ့နေရာမှာ ကျွန်တော်တို့ တွေ့နေတာကတော့ ကားသမားတွေနားမှာ ပြည်တော်ပြန်တွေထိုင်နေကြတယ်၊ ပြီးတော့ သတ်မှတ် လူဦးရေ ထက် ပိုတင်တယ်၊ ပြည်တော်ပြန်တွေက ကားသမားနဲ့ အရင်ထိတွေ့ခဲ့ပြီးပြီလေ ပြီးတော့ ကားသမားတွေကို Qမဝင်ခိုင်းဘူး မိသားစုဆီကို ပြန်ခွင့်ပေးတယ် ဆိုတော့ သူတို့ ကျန်းမာရေးလုပ်ဆောင်မှုက ထိရောက်မှု မရှိတော့ဘူး ၊ ဒီနေရာမှ ကားဆရာတွေရဲ့ ကျန်းမာရေးကိုလည်း ထည့်စဉ်းစားစေချင်တယ်” ဟု Kachin State Volunteer Teem For Covid-19 မှ အသင်းဝင် ကိုမျိုးထက်နိုင်လင်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က “သွားကြိုသည့် ကားသမားများ အား Quarantine မဝင်ခိုင်းဘူးဆိုတာ ကျွန်တော်တို့ ပြည်နယ်မှ မဟုတ်ပါဘူး တခြား တိုင်းနဲ့ပြည်နယ်တွေ မြဝတီတို့ မူဆယ်တို့ ဆိုရင် ပိုဆိုးတာပေါ့ ထောင်နဲ့ချီ ဝင်နေတာလေ အဲ့ဒီမှာလည်း ကားတွေ နဲ့ဘဲ သွားကြိုပို့နေကြတာ၊ ကားသမားတွေ ကိုယ်တိုင်ကလည်း ကျန်းမာရေးကို လိုက်နာကြတယ်၊ နောက်တစ်ခုက ပြည်နယ်တွင်းဝင်နေတဲ့ ခရီးသွားတွေဆိုရင်လည်း မီးရထားနဲ့လာရင် မီးရထားမောင်းတဲ့သူကို Qမဝင်ခိုင်းဘဲ ဝင်လာသမျှ ရထားစီးလာသူအားလုံးကိုတော့ Qဝင်ခိုင်းတာမျိုးရှိတယ်” ဟု ပြောပြသည်။

လက်ရှိတွင် မေလ၃ရက်နေ့အထိ ကောက်ယူထားသည့် စာရင်းများအရ ကန်ပိုင်တည်နယ်စပ်ဂိတ်နှင့် လွယ်ဂျယ်နယ်စပ် ဂိတ်များမှတစ်ဆင့် ပြည်နယ်အတွင်းသို့ဒေသခံအနေဖြင့် ဝင်ရောက်လာသူ ၄၀၀၀နီးပါး၊ ပြည်နယ်ပြင်ပ အခြားတိုင်းနှင့်ပြည်နယ်များသို့ နယ်စပ်ဂိတ်များမှ တစ်ဆင့် ဝင်လာသူ ၁၄၀၀ကျော် ရှိပြီဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

မိုးလေး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။