Trending Now

ပေါက်မြိုနယ်မှာ ၃ ရက်အတွင်း စျေးသွား စျေးပြန်သူ လူ ၈ ဦး အသတ်ခံရ

Spread the love

ပေါက်မြိုနယ်မှာ ၃ ရက်အတွင်း စျေးသွား စျေးပြန်သူ လူ ၈ ဦး အသတ်ခံရ

EPN
ပေါက် ၊ စက်တင်ဘာ ၁၅

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်ထဲက ဒီးဒုတ်ကွင်းကျေးရွာနားနဲ့ ဆင်ဇာကျေးရွာနားမှာ ပြီးခဲ့တဲ့ရက်ပိုင်း စက်တင်ဘာ ၁၁ ရက်နဲ့ ၁၃ ရက်မှာ စျေးသွားစျေးပြန် လူ ၈ ဦးကို အကြမ်းဖက်သမားတွေက သတ်ဖြတ်စွန့်ပစ်ထားတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

” မနေ့ စက်တင်ဘာ ၁၄ ရက်မနက်ပိုင်းက ပေါက်မြိုနယ် ဆင်ဇာရွာထိပ်လမ်းမှာ လူ ၅ ဦး အသတ်ခံထားရတာကို တွေ့ရတယ် ၊ စက်တင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းကလည်း ပေါက်မြို့နယ် ၊ ဒီးဒတ်ကွင်းရွာနားက မုံရွာ ပုသိမ်ကားလမ်းမှာ လူ ၃ ဦး အသတ်ခံရသေးတာ ၊ ၃ ရက်အတွင်း လူ ၈ ဦး အသတ်ခံရတာဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ” ပေါက်မြို့ကနေ စျေးဝယ်ပြန်လာတဲ့ ၊ ပင်တောင်ကျေးရွာမှာနေတဲ့ ဦးမောင်အေး (၅၄) နှစ်၊ သစ်ချိုကုန်း ကျေးရွာက ဦးနိုင်ဇော်(၄၇)နှစ် နဲ့မောင်မင်းထက်ဦး (၁၈) နှစ်၊ နောက်ပြီး ဝါတောကျေးရွာမှာနေတဲ့ ဦးအောင်မြင့် (၅၂) နှစ် နဲ့ မောင်ထန်းမောင် (၁၇) နှစ် ၊ အဲ့ဒီ ၅ ဦးဟာ ၁၃ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်မှာ ဆင်ဇာရွာထိပ်ကနေ အသင့်စောင့်နေတဲ့ အကြမ်းဖက်သမား ၈ ဦးက ပြည်သူ့စစ်တွေနဲ့ အမျိုးတော်တယ်လို့ စွပ်စွဲပြီး လက်နောက်ပြန်ကြိုးတုပ်ကာ သေနတ်နဲ့ ပစ်သတ်သွားတာပါ ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် ညနေပိုင်း ၄ နာရီဝန်းကျင်က မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ဒီးဒုတ်ကွင်းရွာအနီး ၊ မုံရွာ ပုသိမ် ကားလမ်းပေါ်မှာ ဒီးဒုတ်ကွင်းရွာကနေ ပေါက်မြို့ကို စျေးဝယ်သွားတဲ့ ဦးဌေးပိုင် ၊ ဦးနေစိုးနဲ့ မသန္တာဦးတို့ ၃ ယောက်ဟာ ပစ်သတ်ခံရပြီး သူတို့စီးလာတဲ့ ဆိုင်ကယ် ၃ စီး လုယူခံရတာ ဖြစ်ပွားခဲ့ပါတယ် ။
အဲ့ဒီ ၅ လောင်းပြိုင် လူသတ်မှုနဲ့ ၃ လောင်းပြိုင် လူသတ်မှုတွေကို ပေါက်မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။