Trending Now

ပုသိမ်မြို့ဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့တင်ပို့သည့် စပါးအိတ်တန်ဆာခများ ယခင်ထက်နှစ်ဆခန့်တက်လာ

Spread the love

ပုသိမ်မြို့ဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့တင်ပို့သည့် စပါးအိတ်တန်ဆာခများ ယခင်ထက်နှစ်ဆခန့်တက်လာ

EPN
ပုသိမ် ၊ ဇွန်လ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှရန်ကုန်မြို့သို့ တင်ပို့နေသည့် စပါးအိတ်တန်ဆာခများ ယခင်ထက် နှစ်ဆခန့် မြင့်တက်လာကြောင်း ပုသိမ်မြို့နယ် ပုဂ္ဂလိကရေယာဉ်များပြေးဆွဲနေသူများထံမှ သိရသည်။

ပုသိမ်မြို့နယ်တွင် နွေစပါးအသစ်များပေါ်ချိန်ဖြစ်သည့်အတွက် စပါးများကို ရန်ကုန်သို့ အများအပြား တင်ပို့နေရသော်လည်း စက်သုံးဆီ ဈေးမြှင့်တက်နေသဖြင့် ယခင်က စပါးတစ်အိတ်လျှင် တန်ဆာခအနေဖြင့် ငွေကျပ် ၃၅၀အထိရှိခဲ့သော်လည်း လက်ရှိတွင် စပါးတစ်အိတ်လျှင် ငွေကျပ် ၉၀၀ အထိ မြင့်တက်လာကြောင်း သိရသည်။

”အားလုံးသိတဲ့အတိုင်း ပဲစက်သုံးဆီဈေးတွေတက်နေလို့ တန်ဆာခနှုန်းထားကလည်း တက်လာတာဖြစ်ပါတယ် လက်ရှိမိုးဦးကာလကို ရောက်လာပြီဖြစ်လို့ သဘာဝဘေးအန္တရာယ်ကိုလည်း သတိနဲ့ဆောင်ရွက်နေရပါတယ်”ဟု ပုသိမ်မြို့နယ်ရှိ ပုဂ္ဂလိကရေယာဉ်များပြေးဆွဲနေသူ ကိုဇော်လတ်ကပြောသည်။

ယခုကဲ့သို့ တန်ဆာခ နှစ်ဆ မြင့်တက်လာသည့်အပေါ် ကုန်သည်များအနေဖြင့် အခက်တွေ့နေသော်လည်း နွေစပါးပေါ်ချိန်ဖြစ်သလို ကုန်းလမ်းထက် ကုန်ကျစရိတ် သက်သာမှုကြောင့် ရေလမ်းကို အားထားနေရကြောင်း ကုန်သည်တစ်ဦးက ပြောဆိုသည်။

”နွေစပါးလေးပေါ်ချိန်လေးတင်ပို့ရတာမို့ တန်ဆာခဈေးတက်ပေမယ့် လုပ်နေရပါ။ အလုပ်က အဆင်ပြေပြေမလုပ်ရတာ ၃ နှစ်လောက်ရှိလာပြီ။ ဆီဈေးကတက် နိုင်ငံရေးကမကောင်း၊ကိုဗစ်ကဖြစ် အလုပ် ပြန်လုပ်ရတော့လည်း တန်ဆာခဈေးကထပ်တက် အဲ့လိုဖြစ်နေတာပါ။တန်ဆာခဈေးတက်လို့ ကုန်ပစ္စည်း လျော့ပို့ရင်လည်း အဆင်မပြေပါဘူး။ကုန်များများနဲ့ အခေါက်ရေများများပို့ရအောင်ကျွန်းတော်တို့လူကဘဲ ပိုလုပ်နေရတယ်”ပုသိမ်မြို့ရှိဆန်၊စပါးကုန်သည် ကိုထက်ဝေက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့ဆိပ်ကမ်းမှ ရန်ကုန်မြို့ဆိပ်ကမ်းသို့ စပါးများ တင်ဆောင်ပြေးဆွဲနေသည့် သင်္ဘောအစီးရေလက်ရှိ ၇၀ ကျော်ခန့်ရှိပြီး ယခုအခါမှာသင်္ဘောတစ်စီးလျှင်စပါးတင်း ၅၀၀၀ မှ ၇၀၀၀ အထိ တင်ဆောင်ပြေးဆွဲနေရကြောင်းသိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။