Trending Now

အင်းတော်ကြီးအိုင်သို့ လာရောက်သည့် ဆောင်းခိုငှက် အကောင်ရေ ယခင်နှစ်ထက် ၆၀၀ ကျော် လျော့နည်း

Spread the love

အင်းတော်ကြီးအိုင်သို့ လာရောက်သည့် ဆောင်းခိုငှက် အကောင်ရေ ယခင်နှစ်ထက် ၆၀၀ ကျော် လျော့နည်း

EPN
မြစ်ကြီးနား ၊ ဇန်နဝါရီလ ၆ ရက် (၂၀၂၃)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီးကန်တွင် ယခုကဲ့သို့ ဆောင်းရာသီကာလ၌ ဆောင်းခိုငှက်များဝင်ရောက်နေထိုင်လျက်ရှိပြီး၊ ဆောင်းခိုငှက်အကောင်ရေ ယခင်နှစ်ထက် ၆၀၀ ကျော် လျော့နည်းလာကြောင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ သိရသည်။

အင်းတော်ကြီးဒေသသို့ နှစ်စဥ်ဆောင်းခိုငှက် မျိုးစိတ် ၄၀ ခန့်လာရောက်နေထိုင်လျက်ရှိရာ ယခုနှစ်မှာ ဆောင်းခိုငှက်အကောင်ရေ ၂၂၀၀၀ ကျော် လာရောက်နေထိုင်လျက်ရှိကြောင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” ဒီနှစ်မှာက ဆောင်းခိုငှက်အကောင်ရေ နည်းသွားတယ်။ မျိုးစိတ်ကတော့ ပုံမှန်အတိုင်းလောက်ပဲ။ အကောင်ရေက နည်းသွားတယ်။ မနှစ်ကထပ် ၆၀၀ လောက်နည်းသွားတာ။ ဒီနှစ်က သွားစစ်တဲ့ချိန်မှာ ရာသီဥတု ကောင်းတယ်ဗျ။ ဒီနှစ်မှာက နှင်းတွေ ပိတ်တာတွေ ရာသီဥတု အဆင်မပြေတာတွေကြောင့် အကောင်ရေ နည်းသွားတာလို့ သုံးသပ်မိတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ဆောင်းခိုငှက်များမှာ အောက်တိုဘာလတွင် လာရောက်တက်ပြီး မေလကုန်တွင် ပြန်လည်ထွက်ခွာသွားလေ့ရှိကြောင်း သိရသည်။

ယင်း အင်းတော်ကြီးဒေသတွင် ယခင်နှစ်က ဆောင်ခိုငှက်အကောင်ရေ ၂၃၀၀၀ ကျော် နေထိုင်ခဲ့ကြပြီး ယခုနှစ်တွင် ဆောင်းခိုငှက်အကောင်ရေ ၂၂၀၀၀ ကျော်သာ ရောက်ရှိနေကြောင်း သိရသည်။

အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကုန်းတွင်းရေအိုင်ကြီးဖြစ်ပြီး၊ ရေပြင်အကျယ် ၁၀၀ စတုရန်းမိုင် အပါအဝင် ၃၁၄ ဒသမ ၆၇ စတုရန်းမိုင် ကျယ်ဝန်းသော အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၁၉၉၉ ခုနှစ် မတ် ၄ ရက်တွင် တည်ထောင်ခဲ့သည်။

၂၀၁၇ ခုနှစ်၊ ဇွန် ၁၄ ရက်က ပြင်သစ်နိုင်ငံတွင် ကျင်းပသည့် ၂၉ ကြိမ်မြောက် UNSCO ဇီဝအဝန်း နယ်မြေများ အစည်းအဝေးတွင် အင်းတော်ကြီး ဘေးမဲ့တောနှင့် ပတ်ဝန်းကျင်ဒေသအား ဇီဝအဝန်း နယ်မြေအဖြစ် အတည်ပြု သတ်မှတ်ခဲ့သည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။