Trending Now

မြစ်ကြီးနားမြို့တွင် အသက် (၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားနှင့်ခရိုင်ပေါင်းစုံ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲများ ကျင်းပပြုလုပ်မည်

Spread the love

မြစ်ကြီးနားမြို့တွင် အသက် (၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားနှင့်ခရိုင်ပေါင်းစုံ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲများ ကျင်းပပြုလုပ်မည်

EPN
မြစ်ကြီးနား၊ မေ ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် (၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားနှင့် ခရိုင်ပေါင်းစုံ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲများကို ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ဇူလိုင်လအတွင်း ယှဥ်ပြိုင်ကစားမည့် တိုင်းနှင့်ပြည်နယ် အသက်၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲအတွက် ပြည်နယ်ကိုယ်စားပြုအနေဖြင့် ရွေးချယ်သွားရန်နှင့် ကချင်ပြည်နယ်၏ ဖူဆယ်အားကစား အဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်ကာ ကျင်းပပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” အဓိက ရည်ရွယ်တာကတော့ (၇) လပိုင်းမှာကစားမယ့် တိုင်းနဲ့ပြည်နယ် ဖူဆယ်ပွဲအတွက် ကစားသမားရွေးချယ်မှုပြုလုပ်တဲ့အနေနဲ့ ကျင်းပဖြစ်တာ ဖြစ်တယ်။ နောက်ပြီး ကချင်ပြည်နယ်ရဲ့ ဖူဆယ်အားကစား အဆင့်အတန်း မြင့်မားလာဖို့၊ လူငယ်တွေ မူးယစ်ဆေးဝါးဘက်ကို စိတ်မရောက်ဘဲ အားကစားဘက်မှာစိတ်ပါလာဖို့အတွက် ရည်ရွယ်ပါတယ်။ နောက်ပြီး ကချင်ပြည်နယ်မှာက နိုင်ငံတကာအဆင့်မီ ပါကေးကြမ်းပြင်နဲ့ ဖူဆယ်ကွင်း ဖွင့်လှစ်တားပြီ ဖြစ်တာကြောင့် ကစားသမားတွေကို ပါကေးကစားကွင်းရဲ့ အတွေ့အကြုံတွေရစေချင်လို့ ကျင်းပပေးတာ ဖြစ်ပါတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် မြို့နယ် (၁၂) မြို့နယ်နှင့် ခရိုင်ပေါင်းစုံ အမျိုးသမီး ဖူဆယ် ဘောလုံးပြိုင်ပွဲတွင် ခရိုင် (၆) ခရိုင်တို့မှ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကာ ဇွန်လ (၁) ရက်နေ့မှ (၄) ရက်နေ့အထိ ကချင်ပြည်နယ် ဖူဆယ်အားကစားရုံ (ငြိမ်းချမ်းသာယာကွင်း) တွင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာအဆင့်မီ ပါကေးကြမ်းပြင် ဖူဆယ်ကွင်းဖြင့် ကစားရမည့်အတွက် မျိုးဆက်သစ် လူငယ်တွေအတွက် အတွေ့အကြုံကောင်းများ ရလာနိုင်ကြောင်း၊ ဖူဆယ်အားကစားနည်း ပိုမိုကျယ်ပြန့် လာစေရန်အတွက် ပြိုင်ပွဲများကို မကြာခဏ ပြုလုပ်ပေးစေလိုကြောင်းမြစ်ကြီးနားမြို့ကိုယ်စားပြုဖူဆယ်အမျိုးသား ဘောလုံးအသင်းအတွက် ဝင်ရောက်အရွေးချယ်ခံမည့် ကစားသမားတစ်ဦးက ပြောသည်။

” ဖူဆယ်အားကစားနည်းက နောက်ပိုင်းမှာ လူအများ စိတ်ဝင်စားလာကြတာကိုတွေရတယ်။ ကျနော်တို့ လူငယ်တွေအနေနဲ့ ကိုယ်နှစ်သက်တဲ့ ဒီဖူဆယ်အားကစားကို ပိုမိုပြီး ကျယ်ပြန့်လာစေချင်တယ်။ အခုလို ပြိုင်ပွဲတွေ လုပ်ပေးြခင်းအားဖြင့် ၊ ဖူဆယ်အားကစားကို လူတွေပိုသိလာမယ်။ မျိုးဆက်သစ် ကစားသမားတွေလဲ ပေါ်ထွက်လာနိုင်တာကြောင့် ဖူဆယ်ဘောလုံးပွဲစဥ်တွေကို အခါအားလျော်စွာ ပြုလုပ်ပေးစေချင်ပါတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲများအတွက် မြစ်ကြီးနားမြို့/ခရိုင် ကိုယ်စားပြုကစားမည့် ကစားသမားများ ရွေးချယ်မှုကိုလည်း မေလ ၂၀ ရက်နေ့တွင် ကချင်ပြည်နယ် ဖူဆယ်အားကစားရုံ (ငြိမ်းချမ်းသာယာကွင်း) တွင် ယှဥ်ပြိုင်ကစားကာ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။