Trending Now

တရားမဝင် ဝင်ရောက်လာသည့် ကျောက်ကုန်သည် တရုတ်နိုင်ငံသားများကြောင့် ဖားကန့် ဒေသတွင် ကျောက်ဈေးကွက် ပျက်လုနီးပါးဖြစ်ပေါ်နေ

Spread the love

တရားမဝင် ဝင်ရောက်လာသည့် ကျောက်ကုန်သည် တရုတ်နိုင်ငံသားများကြောင့် ဖားကန့် ဒေသတွင် ကျောက်ဈေးကွက် ပျက်လုနီးပါးဖြစ်ပေါ်နေ

EPN
မြစ်ကြီးနား၊ စက်တင်ဘာလ ၁၉

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် တရားမဝင် ဝင်ရောက်လာကြသည့် ကျောက်ကုန်သည် တရုတ်နိုင်ငံသားများကြောင့် ဖားကန့်ဒေသတွင်းရှိ ကျောက်ဈေးကွက်များမှာ ပျက်လုနီးပါး ဖြစ်ပေါ်နေကြောင်း ဖားကန့်မြို့နယ်အတွင်း နေထိုင်သည့် ဒေသခံ ကျောက်အရောင်းအဝယ်သမားများထံမှ သိရသည်။

တရားမဝင် ဝင်ရောက်လာသည့် ကျောက်ကုန်သည် တရုတ်နိုင်ငံသားများအနေဖြင့် ကျောက်များကို ဈေးနှိမ်ဝယ်ယူမှုများကြောင့် ယခင်က ကျပ်သိန်း (၅၀) တန်ဖိုးရှိသည့် ကျောက်မှာ ယခုအခါ ကျပ်(၁၀)သိန်းခန့်သာ တန်ကြေးရှိတော့ကြောင်း လုံးခင်းမှော်အတွင်း ကျောက်အရောင်းအဝယ် ပြုလုပ်နေသည့် ဒေသခံတစ်ဦးကပြောသည်။

“တရားမဝင် ဝင်လာတဲ့ တရုတ်နိုင်ငံသားတွေက အုပ်စုလိုက် လာလုပ်ကြတယ်၊ ရေမဆေးသမားတွေ ကျောက်ရှာနေတဲ့ အထိ လာကြတာ ၊ ဈေးက အတော်လေးကို နှိမ်ဝယ်ကြတာဟုတ်တယ်၊ သူတို့ ဖြတ်ပေးတဲ့ ဈေးနဲ့ပဲ ရောင်းနေရတယ်၊ စီးပွားရေးတွေ ကြပ်တည်းနေကြတော့ ပိုက်ဆံရရင်ပြီးတာပဲဆိုပြီး သူတို့ကိုပဲရောင်းနေကြတယ်၊ အဲ့ဒီတော့ ဈေးကွက်မှာ ဈေးဖျက်ပေးသလိုဖြစ်သွားတယ်၊ ကျပ်သိန်း (၅၀) တန်တဲ့ ကျောက်တွေကို (၁၀)သိန်းလောက်ပဲ ဈေးဖျက်ပေးလာတာကိုလဲ တွေ့မြင်ရတယ်။ အနည်းဆုံးကျောက်တစ်လုံးက တစ်သောင်းတော့ တန်တာပဲလေ ၊ဒါပေမဲ့ ကျပ် နှစ်ထောင် အထိ ဈေးနှိမ် ပြောဆိုနေတာတွေလဲ တွေ့ရတာကတော့ အဆိုးဆုံးပဲ”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဖားကန့်မြို့တွင်းရှိ ကျောက်ဝိုင်းများမှာလည်း ဈေးကွက်အလုပ်မဖြစ်သည့်အပြင် ကျောက်ဈေးနှုန်းများမှာလည်း ယခင်ဈေးနှုန်းများထက် သိသိသာသာ လျော့ကျလာကာ အရောင်းအဝယ်ဈေးကွက်မှာလည်း ဈေးကွက်ပျက်လုနီးပါးဖြစ်နေကြောင်း ဖားကန့်မြို့တွင်းနေ ဒေသခံ ကျောက်ရောင်းဝယ်သူ တစ်ဦးကပြောသည်။

“သူတို့ဈေးနှိမ်ဝယ်တာက အတော်လေးကို နှိမ်ဝယ်ကြတယ်၊ သိန်း(၂၀၀)တန်တဲ့ကျောက်ဆို (၅၀) နဲ့ပဲ ဈေးဖျက်လိုက်တာ၊ ဒေသခံတွေကလဲ သူတို့ကို မှ မရောင်းရရင်ဝယ်မယ့် သူကမရှိတော့ဘူးလေ၊ အဲ့ဒီတော့ရတဲ့ ဈေးနဲ့ပဲ တစ်နေစာပိုက်ဆံရဖို့ သူတို့ကိုထိုးရောင်းရတော့တယ်။ တစ်ဖက်မှာလည်း ဒီဈေးနဲ့ပဲ ဝယ်ကြတယ်ဆိုတာတွေက ကျောက်ဈေးကွက်မှာ သိကုန်တော့ ကျောက်ဈေးကွက်မှာလဲ ဒီဈေး အတိုင်းတွေဖြစ်လာတယ်။ ဒီတော့ ဈေးကွက်က အတော်လေး ပျက်လုနီးပါးဖြစ်လာတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ တရားမဝင် လာရောက်၍ ကျောက်ရောင်းဝယ်မှုများပြုလုပ်နေသည့် တရုတ် နိုင်ငံသားများမှာ အလည်အပတ် ဗီဇာဖြင့် မြန်မာနိုင်ငံအတွင်းသို့ လာရောက်ကာ မြစ်ကြီးနားမှ တစ်ဆင့် ဖားကန့်ဒေသသို့ ခိုးဝင်နေကြခြင်းဖြစ်ပြီး အစုအဖွဲ့ဖြင့် လာရောက်လုပ်ကိုင်နေကြခြင်းဖြစ်ကာ အနည်းဆုံး တစ်ပတ်ခန့် နေထိုင် လုပ်ကိုင်နေကြပြီး ကျောက်ရောင်းဝယ်မှုများကို လုပ်ဆောင်နေကြကြောင်းသိရသည်။

“သူတို့ဝင်လာတာက အလည်အပတ်ဗီဇာနဲ့ ဝင်လာကြတာ။မြစ်ကြီးနားကနေ ဖားကန့်ကို ခိုးဝင်နေကြတာ။ ဖားကန့်ဆိုတာကလည်း နိုင်ငံခြားသား လက်ခံခြင်းမရှိတဲ့နေရာဖြစ်တယ်၊ သူတို့က တစ်ပတ် (၁၅)ရက်လောက်နေပြီးရင် ပြန်သွားကြတာ၊လာပြီးဆိုရင် အုပ်စုလိုက်လာကြတယ်၊ ကျင်းတစ်ကျင်းကို တစ်ယောက်လောက် လာကြတယ်၊ ကျင်းတွေ အားလုံးနီးပါးမှာ သွားပြီး ကျောက်တွေကို ဈေးနှိမ်ဝယ်ကြတယ်”ဟု ၎င်းကပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖားကန့်ဒေသအတွင်း ကျောက်စိမ်း တူးဖော်ခြင်းလုပ်ငန်းများ ကို ဆက်လက်တူးဖော်ခွင့်မပြုကြောင်း ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် တရားမဝင်တူးဖော်မှုများ ရှိနေဆဲဖြစ်ပြီး ကျောက်အရောင်းအဝယ်များဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။