Trending Now

မြစ်ကြီးနားမြို့ အေးမြသာယာ ဈေးအနီး ကုန်တင်ယာဉ် နှင့် ဆိုင်ကယ်တိုက်မိမှု ဖြစ်ပွားပြီး နှစ်ဦး ဒဏ်ရာရရှိ

Spread the love

မြစ်ကြီးနားမြို့ အေးမြသာယာ ဈေးအနီး ကုန်တင်ယာဉ် နှင့် ဆိုင်ကယ်တိုက်မိမှု ဖြစ်ပွားပြီး နှစ်ဦး ဒဏ်ရာရရှိ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အေးမြသာယာဈေးအနီး ရွှေလမ်းမကြီးပေါ်တွင် မောင်းနှင်နေသည့် ဆိုင်ကယ်တစ်စီးအား ၂၂ ဘီးကုန်တင်ယာဉ်တစ်စီးမှ ကျော်တက်ရာ မလွတ်သည့်အတွက် တိုက်မိခဲ့သည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အေးမြသာယာဈေးအနီး ရွှေလမ်းမကြီးပေါ်တွင် အမျိုးသားနှစ်ဦးလိုက်ပါလာသည့် ဆိုင်ကယ်တစ်စီးအား ၂၂ ဘီးကုန်တင်ယာဉ်မှ နောက်မှ ကျော်တက်စဉ် မလွတ်ဘဲ ကုန်ကား၏ ဘေးနှင့် ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဆိုင်ကယ်သမားနှစ်ဦးတွင် တစ်ဦးမှာ ခြေထောက်ထပ်ပိုင်းကျိုးဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦးမှာ ဦးခေါင်းတွင် ထိခိုက်မိခဲ့သည့်အတွက် စိုးရိမ်ရဒဏ်ရာများဖြင့် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သွားရောက်ကူညီပို့ဆောင်ပေးခဲ့သည့် မျိုးဆက်သစ်ပရဟိတ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“တစ်စီးနဲ့ တစ်စီးချိတ်မိတာ ၊ ကားအောက်ရောက်သွားလို့ထင်တယ်၊ ဆိုင်ကယ်ပေါ်ကတစ်ယောက်ကတော့ ခြေထောက် ပြတ်ထွက်လုနီးပါး ကျေသွားတယ်၊ တစ်ယောက်ကတော့ အတွင်းမှာဘဲ ဘယ်ဘက်ခြေထောက်ခြေသလုံး ကျိုးသွားတယ်၊ခေါင်းပေါက်ခေါင်းကွဲ အပွန်းအပဲ့ ဒဏ်ရာတွေရခဲ့တယ်၊ ဆေးရုံကိုတော့ပို့ဆောင်ထားတယ်၊”ဟု ၎င်းကပြောသည်။

ယင်း ကုန်ကားကြီးမှာ ဧရာဝဏ်ဆီဆိုင်အနီး ကုန်သယ်ယာဉ်ရပ်နားသည့်နေရာမှ ထွက်လာသည့် ကုန်ကားဖြစ်သည်ဟု ယူဆရကာ အဆိုပါဒဏ်ရာရရှိသူများမှာ အသက် (၃၅)နှစ် အရွယ်ရှိကြပြီး ၎င်းတို့၏ နေရပ်လိပ်စာများကို စုံစမ်းဆဲဖြစ်ကြောင်းသိရသည်။

ယခုကဲသို့ကုန်ကားများကို မြို့ထဲလမ်းမများတွင် သွားလာခြင်းများကြောင်း ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားနေသည့်အတွက် သက်ဆိုင်ရာအနေဖြင့် စနစ်တကျ စီစဉ်ပေးစေလိုကြောင် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်နေ မြို့မိမြို့ဖ တစ်ဦးကပြောသည်။

“ကားကြီးတွေက မြို့ထဲလမ်းမှာသွာနေကြတာ နေစဉ်နီးပါးလောက်ရှိတယ်၊ ကာကြီးတွေက ထိန်းမောင်တယ်လို့မရှိဘူး၊ အရှိန်တွေနဲ့မောင်းနေကြတယ်၊ ဒီလိုသာ အများသွားလာနေတဲ့ လမ်းမကြီးမှာ ရောပြီးသွားလာနေရင်တော့ အလားတူဖြစ်စဉ်တွေက ဖြစ်လာအုန်းမှာဘဲလို့ သုံးသပ်ရတယ်၊ ဒါကြောင့် သက်ဆိုင်ရာက ကားကြီးတွေကို မြို့ပြင်မှာ ရပ်ခိုင်းပြီး ကားသေးတွေနဲ့ပဲ သယ်ခွင့်ပြုမယ်ဆိုရင် ပိုပြီး အဆင်ပြေနိုင်ပါတယ်၊ “ ဟု ၎င်းကပြောသည်။

မြစ်ကြီးနားမြို့ပေါ်တွင် အလားတူ ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိနေပြီး စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း တပ်ကုန်းရပ်ကွက်ရွှေလမ်းမကြီး တွင်ဆိုင်ကယ်နှစ်စီးတိုက်မိရာမှ ဆိုင်ကယ်ပေါ်ပါ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။