Trending Now

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြစ်ကြီးနားမြို့ရှိ ဈေး (၁)၊ (၂)၊ ရေစဉ်ကွင်းဈေးများတွင် ကွင်းဆင်းစစ်ဆေးရေးများ ဆောင်ရွက်

Spread the love

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြစ်ကြီးနားမြို့ရှိ ဈေး (၁)၊ (၂)၊ ရေစဉ်ကွင်းဈေးများတွင် ကွင်းဆင်းစစ်ဆေးရေးများ ဆောင်ရွက်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၂ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဈေး (၁)၊ (၂)၊ ရေစဉ်ကွင်းဈေးများရှိ ဈေးဆိုင်များတွင် လျှပ်စစ်မီးသွယ်တန်းထားမှုများ၊ မီးအသုံးပြုနေကြပုံများနှင့် ရေငုတ်များထားရှိမှုများကို ကချင်ပြည်နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ယနေ့ ဖေဖော်ဝါရီလ (၂၂)ရက်နေ့၊ နံနက် (၁၀)နာရီက လိုက်လံစစ်ဆေးကြည့်ရှု့ခဲ့ကြောင်း သိရသည်။

မြို့မဈေးကြီးအတွင်း ဈေးဆိုင်များတွင် ကာကွယ်ရေးပစ္စည်းများ ရှိမရှိ၊ လျှပ်စစ်မီး သွယ်တန်းထားမှုများ စနစ်ကျမှု ရှိမရှိ၊ အရေးပေါ် မီးလောင်မှုဖြစ်လာလျှင် ရေသွယ်တန်းထားရှိ မှုစနစ်များ ကောင်းမကောင်းတို့ကို အကြံပြုပြောကြား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း မြစ်ကြီးနားခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ဇန်နဝါရီလလောက်ကစပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးမှုတွေနဲ့ အသိပညာပေးလုပ်ငန်းတွေကို ရပ်ကွက်တွေမှာ တစ်အိမ်ဝင် တစ်အိမ်ထွက် လုပ်ဆောင်လျက် ရှိပါတယ်။ မြို့ပေါ်ရပ်ကွက်တိုင်းလိုလို ဆောင်ရွက်ပြီးဖြစ်တယ်။ ကျန်ရှိတဲ့ရပ်ကွက်တွေမှာလည်း သက်ဆိုင်ရာ ရပ်ကျေးတာဝန်ရှိများမှ တစ်ဆင့် စစ်ဆေးခြင်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ဒီနေ့မှာလည်း မြစ်ကြီးနားမြို့ ဈေး (၁)၊ (၂)၊ ရေစဉ်ကွင်းဈေးတွေမှာ စစ်ဆေးပြီး အကြုံပြု ပြောကြားတာတွေ လုပ်ဆောင်ခဲ့ပါတယ် ” ဟု ၎င်းကပြောသည်။

အလားတူ မြစ်ကြီးနားမြို့ မြို့ပေါ်ရပ်ကွက်များတွင်လည်း တစ်အိမ်ဆင်းတစ်အိမ်တက်ကာ ကာကွယ်ရေးပစ္စည်းများရှိမရှိ၊ လျှပ်စစ်ပစ္စည်းများသွယ်တန်းထားမှုနှင့် မီးဘေးအန္တရာယ်အသိပညာပေးခြင်းများကို လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ယခု ၂၀၂၄ခုနှစ်အတွင်း လက်ရှိအချိန်ထိ မီးလောင်မှု (၄)ကြိမ်ဖြစ်ပွားခဲ့ကာ အများစုမှာ လျှပ်စစ်မီးမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းသာဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။