Trending Now

ဖားကန့်မြို့နယ်တွင် ပြန်လည်ပြုပြင်နေသည့် မိုးကောင်း-ဖားကန့် ၆၆ကေဗွီ ဓာတ်အားလိုင်း ပြုပြင်နေမှု (၅၀) ရာခိုင်နှုန်းကျော် ပြီးစီး

Spread the love

ဖားကန့်မြို့နယ်တွင် ပြန်လည်ပြုပြင်နေသည့် မိုးကောင်း-ဖားကန့် ၆၆ကေဗွီ ဓာတ်အားလိုင်း ပြုပြင်နေမှု (၅၀) ရာခိုင်နှုန်းကျော် ပြီးစီး

EPN
မြစ်ကြီးနား၊ မတ် ၂ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ပြန်လည်ပြုပြင်နေသည့် မိုးကောင်း-ဖားကန့် ၆၆ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်နေမှုမှာ (၅၀)ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း ဖားကန့်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

အဆိုပါ ဓာတ်အားပြတ်တောက်မှုများမှ နေရာ (၅)နာရာခန့်တွင် ဓာတ်တိုင်များ၊ဓာတ်ကြိုးများ စသည့်ပျက်စီးမှုများဖြစ်ပွားခဲ့ရာ နေရာများသို့ သွားလာရန် ဆင်များကိုအသုံးပြုကာ ခက်ခက်ခဲခဲ ပြုပြင်နေရကြောင်း ဖားကန့်မြို့နယ် လျှပ်စစ်အင်ဂျင်နီးယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ဖေဖော်ဝါရီလ (၂၂)ရက်နေ့က စပြီး မိုးကောင်း-ဖားကန့် ၆၆ ကေဗွီလိုင်းကို ပြုပြင်လျက်ရှိပါတယ်။ လက်ရှိမှာတော့ ပြီးစီးမှုအားဖြင့် (၅၀)ရာခိုင်နှုန်းကျော်ပြီးစီးပါပြီ။ ပျက်စီးတဲ့ နေရာက (၅)နေရာရှိပြီး တစ်ချို့နေရာတွေက သွားလာဖို့ခက်တော့ သစ်ကိုဆင်နဲ့ဆွဲသလို ဓာတ်တိုင်လုံးတွေကိုလည်း ဆင်နဲ့ဆွဲပြီး သွားနေရတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ဓာတ်အားလိုင်းမှာ ဖေဖော်ဝါရီလ (၄) ရက်နေ့၊ နံနက် (၁၀) နာရီခန့်က နန့်တိမ်းဂိတ်အနီး လက်နက်ကြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ ယင်းလက်နက်ကြီး ထိမှန်မှုကြောင့် မိုးကောင်း-ဖားကန့် ဓာတ်အားလိုင်းဖြစ်သည့် ၆၆ ကေဗွီ ဓာတ်အားလိုင်း ပျက်သွားရခြင်းဖြစ်သည်။

” လျှပ်စစ်မီးမရတော့ ခက်ခဲတာက ညဘက်တွေဖြစ်တယ်။ အခုလို တိုင်းပြည်မတည်မငြိမ် ဖြစ်နေတာကိုအခွင့်ကောင်းယူနေတဲ့ သူခိုး၊ ဓားပြတွေက ပိုပိုပေါများလာတယ်။ ပြီးခဲ့တဲ့ (၂၇) ရက်နေ့ကဆို လုံးခင်းရပ်ကွက် (၂)ထဲမှာ ဓာတ်အားမကူးတာကိုသိတော့ သိန်း (၂၀)လောက်တန်ဖိုးရှိတဲ့ မီးကြိုးခိုးခံခဲ့ရတယ် ” ဟု ဖားကန့်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဓာတ်အားပြုပြင်ရေးများကို ဝန်ထမ်းအင်အား (၃၀)ခန့်ဖြင့် ဆောင်ရွက်လျက်ရှိရာ လာမည့် (၂) ပတ်ကျော် ကာလအတွင်း မီးပြန်လည်ရရှိရန် ခန့်မှန်းထားကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။