Trending Now

ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ မသန်စွမ်းသူများ ကျန်ရစ်ခဲ့ခြင်း မရှိစေဘဲ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်အောင် အခွင့်အရေးရရှိဖို့ လိုအပ်ကြောင်း ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ပြောကြား

Spread the love

ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ မသန်စွမ်းသူများ ကျန်ရစ်ခဲ့ခြင်း မရှိစေဘဲ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်အောင် အခွင့်အရေးရရှိဖို့ လိုအပ်ကြောင်း ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ပြောကြား

 

EPN

မြစ်ကြီးနား ၊ ဒီဇင်ဘာ ၃

ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ မသန်စွမ်းသူများ ကျန်ရစ်ခဲ့ခြင်း မရှိစေဘဲ မသန်စွမ်းသူများ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် အတွေးသစ် အမြင်သစ်များဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း ကချင်ပြည်နယ် သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပြောဆိုခဲ့သည်။

မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်ရှိ မျက်မမြင်ကျောင်းတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ၎င်းက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိ ကချင်ပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီတွင် ပြည်နယ်ဝန်ကြီးချုပ်က ဥက္ကဌနေရာမှ တာဝန်ယူကာ အဖွဲ့ဝင်(၂၀) ဖြင့် ဖွဲ့စည်းထားပြီး မသန်စွမ်းသူများအခွင့်အရေးနှင့် ပတ်သက်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဝန်ကြီးက ပြောဆိုထားသည်။

“ကချင်ပြည်နယ်ထဲမှာ သက်ဆိုင်ရာ မသန်စွမ်းအဖွဲ့အစည်း(၇)ခုရှိ ပါတယ်။ အစိုးရအသိအမှတ်ပြု ထောက်ပံ့ ကြေးရ ကျောင်းအနေနဲ့ မျက်မမြင်ကျောင်း(၁)ကျောင်းသာ ရှိပြီး နှစ်စဉ် အစားအသောက် အဝတ်အထည် စရိတ်များ ပေးအပ်လျက်ရှိသလို ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၌ ထောက်ပံ့ငွေ ကျပ်သန်း(၇၇.၉၆)သန်းအား ထောက်ပံ့ ပေးအပ်နိုင်ခဲ့ပြီး ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်း အလျဉ်းသင့်သလို ထောက်ပံ့ပေးသွားမှာဖြစ်သလိုကချင်ပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီကလည်း မသန်စွမ်းသူများအခွင့်အရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်လျက်ရှိပါတယ်”ဟု ဝန်ကြီးက ပြောဆိုခဲ့သည်။

ဒါ့အပြင် ခရီးသွားကဏ္ဍများတွင်လည်း မသန်စွမ်းများ ခရီးသွားလာရေး အဆင်ပြေစေရေးအတွက် ဆောင်ရွက်နေသည့် အတားအဆီးကင်းသော ခရီးသွားလုပ်ငန်း ဖြစ်ပေါ်လာစေရေးအတွက် သက်ဆိုင်ရာများအနေဖြင့် ပိုမိုကြိုးစား ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ” အားလုံးပါဝင် ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီ ထွင်အဖြေရှာစို့ အားလုံးလက်လမ်းမီ ညီမျှရေး၊ တီထွင်ဖန်တီးမှုစွမ်းအားဖြင့် ဆောင်ရွက်ပေး” ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး မသန့်စွမ်းသူများကို လူအများကြားတွင် လစ်လျှူရှူမထားစေရန် လူအများနဲ့တန်းတူ အခွင့်အရေးတွေရရှိစေရန်အတွက် ရည်ရွယ်ကာ အခမ်းအနားပြုလုပ်ရခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဒီနေ့ပွဲကတော့ မျက်မမြင်ကျောင်းမှာ မသန်းစွမ်းနေ့အထိမ်းအမှတ်အဖြစ်လုပ်တဲ့ပွဲလေးပါ၊ လူအများကြားမှာ သူတို့တွေကို လစ်လျှူရှူတာတွေမရှိစေဖို့၊ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို အသိအမှတ်ပြုကြဖို့နဲ့၊ မသန်းစွမ်းတွေကလဲ အများနည်းတူ တန်းတူအခွင့်အရေးရစေဖို့ ပြုလုပ်တဲ့ ပွဲဖြစ်ပါတယ်၊ သူတို့အတွက် ရှေ့ရက်တွေကလည်း အားကစားပြိုင်ပွဲတွေပြုလုပ်ပေးနိုင်ခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံရဲ့ ၂၀၁၉ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ မသန်စွမ်းသူ (၅၉)သိန်း၊ မြန်မာနိုင်ငံလူဦးရေရဲ့ ၁၂.၈ ရာခိုင်နှုန်း ဟာ မသန်စွမ်းသူများ ဖြစ်ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၂၀၂၂ခုနှစ် စာရင်းများအရ ကမ္ဘာပေါ်မှာ မသန်စွမ်းမှုတစ်မျိုးမျိုး ခံစား နေရသူပေါင်း သန်း ၁၀၀၀ ကျော်၊ ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းကျော် ရှိနေကြောင်းသိရသည်။

ယနေ့ကျင်းပပြုလုပ်သည့်”အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့”အခမ်းအနားကို ကချင်ပြည်နယ် အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ၊ ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ၊ မသန်စွမ်း အဖွဲ့အစည်းများမှ တက်ရောက်လာကြသူများ၊ မျက်မမြင်ကျောင်းမှ မသန်စွမ်းသူများနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။