Trending Now

အိန္ဒိယနိုင်ငံမှာ ဘတ်စ်ကား တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားလို့ လူ ၂၅ ဦးသေဆုံး

Spread the love

အိန္ဒိယနိုင်ငံမှာ ဘတ်စ်ကား တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားလို့ လူ ၂၅ ဦးသေဆုံး

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁

အိန္ဒိယနိုင်ငံ အနောက်ပိုင်းမှာ စနေနေ့ (ဇူလိုင် ၁ ရက်) အစောပိုင်းက ဘတ်စ်ကားတစ်စီး အမြန်လမ်းပေါ်မှာ တိမ်းမှောက်ကာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဘတ်စ်ကားဟာ လမ်းဘေက မီးတိုင်တစ်ခုကို ညသန်းခေါင်ကျော်အချိန်မှာ ဝင်ရောက်တိုက်မိကာ တိမ်းမှောက်သွားခဲ့တာဖြစ်ပြီး ဒီဇယ်တိုင်ကီကို မီးစတင်လောင်ကျွမ်းခဲ့ကြောင်း အကြီးတန်းရဲအရာရှိ ဘာဘူရိုက အေဖက်ဖ်ပီကို ပြောပါတယ်။

“ဘတ်စ်ကားပေါ်မှာ လူ ၃၀ ကနေ ၃၅ လောက် ရှိတယ်။ လူ နှစ်ဆယ့်ငါးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရတယ်” လို့ ဘဘူရိုက ပြောပါတယ်။

ဒဏ်ရာရရှိသူတွေကို အိန္ဒိယဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းအရှေ့ဘက် ကီလိုမီတာ ၄၀၀ ခန့်အကွာမှာရှိတဲ့ အခင်းဖြစ်ပွားရာ အနီးက မဟာရက်ရှထရာ ပြည်နယ်က ဆေးရုံမှာတင်ထားရတယ်လို့ သိရပါတယ်။

ဘတ်စ်ကား ယာဉ်မောင်းနဲ့ စပယ်ယာကို စစ်ဆေးမေးမြန်ဖို့အတွက် ဖမ်းဆီးထားကြောင်း ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Girish Mahajan က သတင်းထောက်တွေကို ပြောပါတယ်။

“ယာဉ်မောင်းက ကားတာယာကွဲပြီး တိုင်ကိုဝင်တိုက်မိတယ်လို့ ပြောပေမယ့် တကယ်ဖြစ်ပျက်ခဲ့တာကို အတည်ပြုနိုင်ဖို့ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။” လို့ ဝန်ကြီးက ပြောပါတယ်။

မီးလောင်မှုကြောင့် သေဆုံးသွားသူတွေထဲမှာ ကလေးသူငယ်သုံးဦးပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါတွေဆိုတာမသိရသေးတဲ့အတွက် မှုခင်းဆေးပါညာရှင်အဖွဲ့က ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“ဆိုးရွားတဲ့ဘတ်စ်ကား မတော်တဆဖြစ်မှုကြောင့် အသက်ဆုံးရှုံးလိုက်ရတဲ့ မိသားစုဝင်တွနဲ့အတူ ထပ်တူ ဝမ်းနည်းမိပါတယ်။ ဒဏ်ရာရှိခဲ့သူတွေကိုလည်း အမြန်ဆုံးပြန်ကောင်းလာဖို့ လေးနက်စွာ ဆိုတောင်းပေးပါတယ်။” လို့ ဝန်ကြီးချုပ် မိုဒီက တွစ်တာမှာ ပြောကြားခဲ့ပါတယ်။

မဟာရက်ရှထရာ ဝန်ကြီးချုပ် အီနတ်ရှင်ဒီ က မတော်တဆမှုအတွက် အလွန်ဝမ်းနည်းကြေကွဲကြောင်းပြောကြားခဲ့ပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက် ရူပီး ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆,၁၀၀) ထောက်ပံ့သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ref; cna

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။