Trending Now

မြန်မာနိုင်ငံ ရေအားလျှပ်စစ်များနှင့် တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု

Spread the love

မြန်မာနိုင်ငံ ရေအားလျှပ်စစ်များနှင့် တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု

EPN
သတင်းဆောင်းပါး
၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁၂

မြန်မာနိုင်ငံသည် အာဆီယံ နိုင်ငံများထဲတွင် လျှပ်စစ်စွမ်းအင်ရရှိမှု အနည်းဆုံးဖြစ်ပေသည်။ လူဦးရေ ၅၅ သန်းနီးပါးရှိသော မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အထိ တနိုင်ငံလုံးရှိအိမ်ထောင်စုဦးရေ၏ ၅၄ ရာခိုင်နှုန်းသာ နိုင်ငံမှဖြန့်ဖြူးသော ဓာတ်အားလိုင်းနှင့် ချိတ်ဆက်သုံးစွဲခွင့်ရရှိနေသေးသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုစေရန်အတွက် စီးပွားရေးလုပ်ငန်းများအား လျှပ်စစ်စွမ်းအင် လုံလောက်စွာပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် နှစ်စဉ် သုံးစွဲရန်လိုအပ်မည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည့်အပြင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် တစ်နှစ်ကို ၁၁ ရာခိုင်နူန်း တိုးမြှင့်လိုအပ်လာနေသည်ဟု တွက်ချက်ထားပြီး ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် စုစုပေါင်း မဂ္ဂါဝပ် ၈,၆၀၀ ထုတ်လုပ်ရန် လိုအပ်မည်ဖြစ်၍ ၂၀၃၀ တွင်မူ ၁၂,၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်ရန် လိုအပ်မည်ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်ထိ လေးနှစ်တာကာလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂၀ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်။ လာမည့် ၂၀၂၆ ခုနှစ်တွင် တနိုင်ငံလုံးရှိ အိမ်ထောင်စုများ၏ ၈၆ ဒသမ ၁၈ ရာခိုင်နှုန်း ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဟု အစိုးရက လျာထားပြီး ၂၀၃၀ ပြည့်နှစ်တွင် တနိုင်ငံလုံး မီးလင်းမည်ဟု ထုတ်ကြန်ထားသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် မဂ္ဂါဝပ် ၃,၆၀၀ ခန့်သာ ထုတ်လုပ်နိုင်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်သုံးစွဲမှုသည် တစ်နှစ်လျှင် ၁၅ ရာခိုင်နူန်းမှ ၁၉ ရာခိုင်နူန်းအထိ မြှင့်တက်လာနေသည်ဟု ထုတ်ပြန်ထားသည်။

လျှပ်စစ်ကဏ္ဍတွင် တရုတ်နိုင်ငံမှ ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စီမံကိန်းများကို ဖက်စပ်လုပ်ဆောင်ခြင်း၊ BOT စနစ်နှင့် လုပ်ဆောင်ခြင်း၊ စီမံကိန်းတည်ဆောက်ရေးအတွက် ငွေကြေးထောက်ပံ့ခြင်း၊ ချေးငွေပေးခြင်း ကဲ့သို့သော ပုံစံမျိုးစုံဖြင့် လုပ်ကိုင်လျက်ရှိပြီး လျှပ်စစ်မဂ္ဂါဝပ်စုစုပေါင်း ၂,၀၀၀ ခန့် ထုတ်လုပ်ပေးလျက်ရှိသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏မှတ်တမ်းများအရ NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် သြဂုတ် အထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၄၇၇ မဂ္ဂါဝပ် ရှိသော လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုစီမံကိန်း ၂၀ ခုကို အတည်ပြုခဲ့သည်။ ယင်းတို့အနက် စီမံကိန်း ရှစ်ခုမှာ တရုတ်နိုင်ငံပိုင်ကုမ္ပဏီများနှင့် ၎င်းတို့၏ ဖက်စပ်ကုမ္ပဏီများက တည်ဆောက်မည်ဖြစ်ပြီး ထုတ်လုပ်နိုင်မည့် လျှပ်စစ်ပမာဏ စုစုပေါင်း ၁၃၅၀ မဂ္ဂါဝပ် ရှိသည်။

၂၀၁၁ ခုနှစ် မတိုင်မှီ တပ်မတော်အစိုးရလက်ထက်တလျောက်လုံးတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ လျှပ်စစ် စွမ်းအင်ကို အဓိက ထုတ်လုပ်ပေးသော ရေအားလျှပ်စစ် စွမ်းအင်စီမံကိန်းများ အကောင်အထည်ဖော်ရန် အများဆုံး အဆိုပြုခဲ့သည်။ ၂၀၀၈ ခုနှစ်အထိ တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ရေအားလျှပ်စစ် စီမံကိန်းပေါင်း ၈၄ ခု ကို အကောင်အထည်ဖော်ရန် ပြင်ဆင်ထားခဲ့ကြောင်း မြန်မာလျှပ်စစ်လုပ်ငန်း၏ မှတ်တမ်းများတွင်ဖော်ပြထားသည်။ ၎င်းတို့အနက် အများစုမှာ တရုတ်နိုင်ငံရှိ ကုမ္ပဏီများမှ အဆိုပြုထားသော စီမံကိန်းများဖြစ်သည်။

မြန်မာလျှပ်စစ်လုပ်ငန်း၏ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ မှတ်တမ်းအရ ရေအားလျှပ်စစ် စီမံကိန်းများကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယား၊ ရခိုင် တို့တွင် အများဆုံးရင်းနှီးမြုပ်နှံရန် တင်ပြခဲ့သည်မှာ China Datang Corporation နှင့် ၎င်း၏ကုမ္ပဏီခွဲများဖြစ်သည့် Datang (Yunnan) United Hydropower Developing Co., Ltd.၊ China Datang Overseas Investment Co., Ltd. တို့ဖြစ်သည်။

ထိုကုမ္ပဏီလုပ်ငန်းစုက အကောင်အထည်ဖော်ရန် တင်ပြခဲ့သည့် ရေအားလျှပ်စစ်စီမံကိန်းများမှာ စုစုပေါင်း ၁၅ ခု ရှိခဲ့သည်။ ထို့အပြင် တရုတ် အစိုးရပိုင် Sinohydro Corporation Ltd. ကလည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့တွင် ရေအားလျှပ်စစ်စီမံကိန်း ၁၁ ခု ကိုတင်ပြခဲ့သည်။ ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရန်အဆိုပြုခဲ့သော တရုတ်ကုမ္ပဏီ ကုမ္ပဏီပေါင်း ၂၆ ခု ရှိပြီး ၎င်းတို့အထဲမှကုမ္ပဏီ ၂၃ ခု မှာ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဖြစ်သည်။ သို့ရာတွင် ထိုစီမံကိန်းများထဲမှ စီမံကိန်းအများစုမှာ ပြည်သူလူထု ကန့်ကွက်မှုများနှင့် နယ်မြေ မတည်ငြိမ်မှုများကြောင့် အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ထို့အပြင် ၂၀၁၀ ခုနှစ်တွင် မြန်မာလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် SPIC Yunnan International Power Investment Co., Ltd၊ အေးရှားဝေါလ် ကုမ္ပဏီတို့ ပူးပေါင်းကာ Upstream Ayeyawady Confluence Basin Hydropower Co., Ltd. (ACHC) ကိုတည်ထောင်ခဲ့သည်။ SPIC ကုမ္ပဏီလီမိတက်ဆိုသည်မှာ ရပ်နားထားရသော မြစ်ဆုံဆည်ကို အကောင်အထည်ဖော်မည့် CPI Yunnan International Power Investment Co., Ltdမှ တည်ထောင်ထားသော လက်ခွဲကုမ္ပဏီဖြစ်သည်။ ACHC ကုမ္ပဏီမှာ မဂ္ဂါဝပ် ၆၀၀၀ ထွက်ရှိမည့် မြစ်ဆုံဆည် ရေအားလျှပ်စစ်စီမံကိန်း အပါအဝင် ဧရာဝတီမြစ်ဝှမ်းဒေသတွင် ဆည်ပေါင်း ၈ ခု ကို တည်ဆောက်ရန် ရည်ရွယ်ခဲ့သည်။

သို့ရာတွင် ၉၉ မဂ္ဂါဝပ် ထွက်ရှိသော ချီဖွေငယ်ရေအားလျှပ်စစ် စီမံကိန်း တစ်ခုသာ ပြီးစီးခဲ့ပြီး ၃၄၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ချီဖွေရေအားလျှပ်စစ်စီမံကိန်း၊ ၂၅၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ဝဆုတ် (အူဆောက်) ရေအား လျှပ်စစ်စီမံကိန်း၊ ၂၄၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ဖီဆာရေအားလျှပ်စစ်စီမံကိန်း၊ ၃၀၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ခေါင်လန်ဖူး ရေအားလျှပ်စစ်စီမံကိန်း၊ ၂၈၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် လိုင်ဇာ(မလိယန်)ရေအားလျှပ်စစ်စီမံကိန်း တို့ကို ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရပ်နား လိုက်ရသည်။ မဂ္ဂါဝပ် ၁၄၀၀ ခန့် ထွက်ရှိမည့် ရီနန် ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည် ဖော်ရန် ကုမ္ပဏီက အသေးစိတ်ပြင်ဆင်နေဆဲဖြစ်သည်။

လက်ရှိ တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံထားသော အကြီးဆုံးရေအား လျှပ်စစ်စီမံကိန်းများမှာ မဂ္ဂါဝပ် ၂၈၀ ထွက်ရှိသော အောက်ပေါင်းလောင်းဆည်စီမံကိန်း၊ မဂ္ဂါဝပ် ၆၀၀ ထွက်ရှိသော ရွှေလီ (၁) စီမံကိန်း၊ မဂ္ဂါဝပ် ၇၉၀ ထွက်ရှိသော ရဲရွာစီမံကိန်း၊ မဂ္ဂါဝပ် ၂၄၀ ထွက်သော တာပိန် (၁) ရေအားလျှပ်စစ်စီမံကိန်း နှင့် ၉၉ မဂ္ဂါဝပ် ထွက်ရှိသော ချီဖွေငယ်ရေအားလျှပ်စစ်စီမံကိန်း တို့ဖြစ်သည်။ ထိုစီမံကိန်းများမှာ မြန်မာနိုင်ငံမှလက်ရှိထွက်ရှိသော လျှပ်စစ်ပမာဏ စုစုပေါင်း၏ ထက်ဝက်ကျော် ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာ၏စွမ်းအင်ကဏ္ဍတွင် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေမည်ဖြစ်ပြီး စွမ်းအင်ကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများ ပိုမို ဝင်ရောက်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း အစိုးရ ပြန်ကြားရေးဝန်ကြီးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးတို့၏ ၂၀၂၂ခုနှစ် ဧပြီ ၂၁ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပူးတွဲ သတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ ထို့အပြင် တရုတ်ကုမ္ပဏီများက တည်ဆောက်ခဲ့သည့် တာပိန်(၁) ရေအားလျှပ်စစ်စီမံကိန်းမှလည်း လျှပ်စစ် ဓာတ်အား မီဂါဝပ် ၁၂၀ ဝယ်ယူရန် ညှိနှိုင်း နေကြောင်း ဖော်ပြထားသည်။

သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တတ်ရောက်ရန်လာရောက်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တို့တွေ့ဆုံစဥ်ကနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း အကောင်အထည်ဖော်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကောင်းဇေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။