Trending Now

ဝိုင်းမော်မြို့နယ်တွင် ကလေးငယ် (၃)ဦး ဗုံးသီးဟောင်း တစ်လုံးကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ကာ ကလေး တစ်ဦးသေဆုံး

Spread the love

ဝိုင်းမော်မြို့နယ်တွင် ကလေးငယ် (၃)ဦး ဗုံးသီးဟောင်း တစ်လုံးကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ကာ ကလေး တစ်ဦးသေဆုံး
EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၂
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာ၊ နယ်မြေ (၃) တွင် ဇန်နဝါရီလ (၁၀) ရက်နေ့ ညနေ (၄)နာရီခွဲခန့်က ကလေးငယ် (၃)ဦး ဗုံးသီးဟောင်း(၁)လုံးကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ကာ ကလေး (၁) ဦး သေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးငယ် (၃)ဦးမှာ ဝူယန် နယ်မြေ (၃)၊ လီဆူဘုရားရှိခိုးကျောင်းအနီး လက်နက်ကြီးကျည် (ဗုံးသီးဟောင်း) တစ်လုံးနှင့် ကစားနေစဉ် ကျောက်ခဲ့ဖြင့် ထုမိခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောပြသည်။
“ကလေးတွေက ဘယ်ကရလာတဲ့ဗုံးသီး လဲမသိဘူး၊ ကစားတာလဲနေကြတာ၊ လူကြီးတွေလဲ ဘယ်သူမှ သတိမထားမိဘူး၊ ကလေး (၃)ယောက်ထဲက တစ်ယောက်က ဗုံးသီးကို ကျောက်ခဲနေထုပြီးကစားနေရင်းနဲ့ ပေါက်ကွဲသွားတာ၊ အဲ့ဒီအထဲက တစ်ယောက်က အတော်လေးထိသွားတယ်၊ လက်နှစ်ဖက်လုံးလဲ ကြေမွသွားတာရစရာ မရှိတော့ဘူး၊ ကျန်တဲ့ကလေးနှစ်ယောက်လဲ နည်းနည်းထိသွားတယ်၊ စိုးရိမ်ရတဲ့ကလေးက ဆေးရုံအရောက် သေသွားတယ်ကြားရတယ်” ဟု ၎င်းက ဆိုသည်။
ယင်းကလေးငယ် သုံးဦးမှာ ဝူယန်ကျေးရွာတွင် နေထိုင်သူများဖြစ်ကြကာ အသက် ၁၀ နှစ် အရွယ်ရှိ မောင်ခေါဆီးဆိုသူတွင် လက်နှစ်ဖက် ကြေမွဒဏ်ရာ၊ ခြေထောက် ပြတ်ရှပွန်းပဲ့ဒဏ်ရာ၊ အသက် ၇ နှစ် အရွယ် မောင်အားလူတီးတွင် လက်နှင့်ခြေထောက်တွင် ပွန်းပဲ့ပြတ်ရှဒဏ်ရာ၊ အသက် ၈ နှစ်‌ကျော် အရွယ်ရှိ မောင်ဗျာဆားဆိုသူတွင် ညာဘက်နံဘေးနှင့် လက်နှစ်ဖက် ပွန်းပဲ့ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ထိခိုက်မိသူ ကလေးငယ် (၃)ဦးကို ဝူယန်ကျေးရွာရှိ ပြည်သူစစ်တပ်ဖွဲ့ဝင်များမှမော်တော်ယာဉ်ဖြင့် မြစ်ကြီးနားမြို့ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံအရောက်တွင် စိုးရိမ်ရအခြေအနေရှိသည့် မောင်ခေါဆီးဆိုသူမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ကျန်ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးကို မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။