Trending Now

တရုတ်နိုင်ငံဘက်ခြမ်း၌ အိုမီခရွန်ရောဂါပိုးတွေ့ရှိမှုကြောင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းအား ရက်အကန့်သတ်မရှိ ပိတ်ပင်ထား

Spread the love

တရုတ်နိုင်ငံဘက်ခြမ်း၌ အိုမီခရွန်ရောဂါပိုးတွေ့ရှိမှုကြောင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းအား ရက်အကန့်သတ်မရှိ ပိတ်ပင်ထား

EPN
ဗန်းမော်၊ မတ် ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းအား တရုတ်နိုင်ငံ လုန်ချန်ခရိုင်ဘက်တွင် အိုမီခရွန်ရောဂါ ကူးစပ်မှုများရှိနေခြင်းကြောင့် မတ်လ ၁၈ရက်နေ့က စတင်ပြီး ရက်အကန့်သတ်မရှိ ပိတ်ပင်ထားကြောင်း ဗန်းမော်ခရိုင်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။

တရုတ်နိုင်ငံ လုန်ချန်ခရိုင်အတွင်း အိုမီခရွန်ရောဂါကူးစပ်မှုကြောင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းအား ရက်အကန့်သတ်ချက်မရှိ ပိတ်လိုက်သည့်အတွက် ငှက်ပျောကားများ ပျက်ဆီးဆုံးရှုံးမှုများနေပြီး စွန့်ပစ်နေရကြောင်း ကားဆရာတစ်ဦးကဆိုသည်။
” အိုမီခရွန်ရောဂါ သူတို့နိုင်ငံဘက်မှာ ကူးစပ်မှုရှိလို့ နယ်စပ်ကုန်သွယ်ရေးစခန်းကို မတ်လ ၁၈ရက်နေ့ကစပြီး ငှက်ပျောကားတွေ ရပ်လိုက်ရတယ် ကျန်တဲ့ ဆန်တွေပြောင်းတွေ ကြံကားတွေတော့ သွားသေးတယ် တနေ့က မှ ကုန်ကားအားလုံးပိတ်လိုက်ပြီ ငှက်ပျောတွေကတော့ ပျက်ဆီးလို့ အကုန်စွန့်ပစ်နေရတယ် ဂိုဒေါင်ခတွေပေးရလို့အရှုံးတွေပေါ်နေပြီ အခုဆို ဂျတ်ဖာတွေပြန်ယူပြီး ငှက်ပျောတွေစွန့်ပစ်နေရတယ် “ဟု ကားဆရာတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် တရုတ်-မြန်မာလွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းအား ရက်အကန့်အသတ်မရှိ ပိတ်ထားသည့်အပေါ် ငှက်ပျောကားဆရာများ ဆက်လက်စောင့်ဆိုင်းမှုတွေရှိနေကြောင်း ဗန်းမော်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းတာဝန်ရှိသူတစ်ဦးကပြောသည်။
“ရောဂါအခြေအနေကြောင့် ကုန်ကားအားလုံးကိုပိတ်လိုက်ပြီး ရက်အကန့်သတ်မရှိပေါ့ တရုတ်ဘက်ကပိတ်တာ ကျွန်တော်တို့လည်းဘာမှမတက်နိုင်ဘူး ငှက်ပျောသမားတွေ အရှုံးပေါ်တာပေါ့ တရုတ်ဘက်ကဖွင့်ပေးမယ့် ရက်ကိုထိုင်မျှော်နေရုံပေါ့ အခုဆို လွယ်ဂျယ်ဂိတ်မှာ ငှက်ပျောကား အစီး ၃၀၀ကျော်ပိတ်မိနေတယ် “ဟု ၎င်းကပြောသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းအား ဖေဖော်ရီ လ၂၇ရက်နေ့က တကြိမ် မြန်မာပြည်ဘက်ကုန်စည်များနှင့် ကားဆရာထံများတွင် ကိုဗစ်ပိုးတွေ့ရှိမှုများရှိခဲ့သည့်ကြောင်း သုံးရက်တာ ပိတ်ထားခဲ့ပြီး ယခုအချိန်တွင် တရုတ်နိုင်ဘက်ခြမ်း၌ အိုမီခရွန် ရောဂါကူးစက်သူများပြားလာခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည့် လွယ်ဂျယ်ဂိတ်အား ရက်အကန့်သတ်ချက်မရှိ ထပ်မံပိတ်ထားကြောင်းသိရသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်အား ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်အစိုးရဘက်က ၂၀၂၁ ခုနှစ်ဇူလိုင်လမှ နိုဝင်ဘာလအထိ ငါးလကျော်ကြာပိတ်ထားခဲ့ပြီး ဒီဇင်ဘာလ ဒုတိယအပတ်တွင်ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။