Trending Now

ကန့်ဘလူမြို့နယ်တွင် နေအိမ် ၅၀ ကျော် မီးရှို့ခံရပြီး ဒေသခံတစ်ဦး သေဆုံး

Spread the love

ကန့်ဘလူမြို့နယ်တွင် နေအိမ် ၅၀ ကျော် မီးရှို့ခံရပြီး ဒေသခံတစ်ဦး သေဆုံး

EPN
ကန့်ဘလူ၊ ဖေဖော်ဝါရီ ၆ (၂၀၂၄)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကျေးရွာအချို့တွင် ဖေဖော်ဝါရီ လ ၁ ရက်မှ ၅ ရက်အထိ ငါးရက်အတွင်း ဒေသခံတစ်ဦးသတ် ဖြတ်ခံရပြီး၊ လူနေအိမ်အလုံး ၅၀ ကျော် မီးရှို့ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ ၅ ရက်အထိ ဘိုကုန်းရွာ၊ ပေလည်ကျေးရွာ၊ သပြေသာလေးကျေးရွာက နေအိမ်အလုံး ၅၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး၊ ရှမ်းတပ်ကျေးရွာက စိတ်ရောဂါဝေဒနာသည် အသက် ၄၉ နှစ်အရွယ် ဦးကြည်မြင့်ဆိုသူမှာ မီးရှို့သတ်ဖြတ် ခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ဘယ်အဖွဲ့ရဲ့ လက်ချက်လည်းတော့ မသိဘူး။ ရှမ်းတပ်ရွာက ဒေသခံ ဦးကြည်မြင့်ကို သူ့အိမ်မှာပဲ မီးရှို့ပြီးသတ်ခဲ့တာ။ နေအိမ်ကိုရော၊ သူ့ကိုရော မီးရှို့သွားတာ။ နေအိမ်တွေအပြင် စပါးကျီတွေပါ မီးရှို့ခဲ့တာ ” ဟု ၎င်းကပြောသည်။

ကန့်ဘလူမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် အရိုးကုန်း၊ ဘိုတဲကုန်း၊ ရွှေညောင်ပင်၊ မင်းကုန်း၊ ပေလည်၊မဲသည်၊ ထိန်တော၊ ကျွန်းပင်ကုန်း၊ ဇီးဖြူကုန်း၊ ရှမ်းတပ်၊ ယော၊ အင်းလယ်ကြီး၊ ရဲဒွေး၊ ငါးရနဲ၊ သရက်ခေါင်း၊ ဖလံချိုင်၊ ကိုးမြို့၊ ပျဉ်းတော်၊ ညောင်ကိုင်း၊ သရက္ကံကြီး၊ တောင်းတိုင် စသည့် ရွာပေါင်းသုံးဆယ်ကျော်က ဒေသခံသုံးသောင်းကျော်လည်း ထွက်ပြေးနေရကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးနေရသည့် ဒေသခံများသည် စားဝတ်နေရေးနှင့် နေရေးထိုင်ရေး အရေးပေါ် အသုံးအဆောင်ပစ္စည်းများ လိုအပ်နေကြောင်း စစ်ဘေးဒုက္ခသည်အရေး ကူညီနေပေးနေသူများ ထံမှ သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။