Trending Now

ပဲခူးတိုင်းအစိုးရအဖွဲ့က ပဲနွယ်ကုန်းစျေးကို စည်ပင်သာယာပန်းခြံ နေရာ၌ ယာယီစျေးအဖြစ် တည်ဆောက်ပေးသွားမည်

Spread the love

ပဲခူးတိုင်းအစိုးရအဖွဲ့က ပဲနွယ်ကုန်းစျေးကို စည်ပင်သာယာပန်းခြံ နေရာ၌ ယာယီစျေးအဖြစ် တည်ဆောက်ပေးသွားမည်

EPN
ပဲခူး၊ ဧပြီ-၄ (၂၀၂၄)

ပဲခူးတိုင်းအစိုးရအဖွဲ့မှ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ရှိ ပဲနွယ်ကုန်းစျေး ဧပြီ ၂ ရက်၊ ညပိုင်းက မီးလောင်ပျက်စီးခဲ့မှုကြောင့် ရောင်းဝယ်မှုများ အဆင်ပြေစေရန် ပဲနွယ်ကုန်းမြို့ရှိ စည်ပင်သာယာပန်းခြံ နေရာ၌ ယာယီစျေး တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပဲနွယ်ကုန်းစျေး မီးလောင်ပျက်စီးခဲ့မှုအား ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ယမန်နေ့ (ဧပြီ ၃ ရက်)၊ နံနက်ပိုင်းက ကြည့်ရှု့စစ်ဆေးစဥ် တာဝန်ရှိသူများနှင့် မီးဘေးသင့် စျေးသူ၊ စျေးသားများ၊ မီးဘေးသင့် အိမ်ထောင်စုဝင်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပဲခူးတိုင်းဝန်ကြီးချုပ်သည် မီးလောင်ပျက်စီးသွားသည့် ပဲနွယ်ကုန်းစျေးအားကြည့်ရှုစစ်ဆေးပြီးနောက် ယာယီဈေးအတွက် မြို့၏စည်ပင်သာယာပန်းခြံ မြေနေရာ၌ တိုင်းအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

၎င်းအပြင် မီးလောင်ပျက်စီးသွားသည့် ပဲနွယ်ကုန်းစျေးအား နှစ်အလိုက်ဘတ်ဂျက်များ လျာထား၍ ပြန်လည်တည်ဆောက်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကာ ဈေးအဝင်လမ်းအား မီးသတ်ယာဉ်များ အလွယ်တကူ ဝင်/ထွက် သွားလာနိုင်ရန်၊ မီးသတ်ရေငုတ်များနှင့် မီးသတ်ရေစင်များ ထည့်သွင်းတည်ဆောက်ရန် တာဝန်ရှိသူများအား မှာ ကြားခဲ့သည်။

ယင်းနောက် တိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲနွယ်ကုန်းမြို့၊ မြို့မဘုန်းတော်ကြီးကျောင်းရှိ မီးဘေးသင့်သူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ အအေးဗူးများ၊ မီးဘေးသင့်အိမ်ထောင်စု (၁၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ Kit Box များ၊ နေအိမ်ဆုံးရှုံးမှုအတွက် တစ်အိမ်ထောင်လျင် (၂) သိန်းကျပ်၊ မီးဘေးသင့်လူဦးရေ (၄၈)ဦးအတွက် ဆန်ရိက္ခာဖိုး တစ်လစာနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပဲနွယ်ကုန်းဈေး မီးလောင်မှုကြောင့် ဆိုင်ခန်း (၄၃၅)ခန်း၊ ငွေကျပ် (၁၅၅)သိန်း၊ နေအိမ် (၁၀) လုံး၊ ငွေကျပ်(၆၉)သိန်း၊ အိမ်ဆိုင်ခန်း (၁၃)ခန်း၊ ငွေကျပ်(၇၃)သိန်း (စုစုပေါင်း ငွေ ကျပ် ၃၉၇ သိန်း) ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။