Trending Now

“အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးဖခင်ကြီး ဂျော့ဝါရှင်တန်”

Spread the love


“အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးဖခင်ကြီး ဂျော့ဝါရှင်တန်”

EPN Article
မိုးထက်ဝေယံ ရေးသည်။

တစ်ကမ္ဘာလုံးမှာ ပြိုင်ဘက်ကင်းတဲ့ စစ်ရေးစွမ်းအား၊ စီးပွားရေးစွမ်းအားနဲ့ နိုင်ငံရေးစွမ်းအားတွေကို ပိုင်ဆိုင် ထားတဲ့ ကမ္ဘာ့စူပါပါဝါ နံပါတ်တစ် အမေရိကန်ပြည်ထောင်စုဟာ တစ်ချိန်တုန်းက ကျွန်တော်တို့ မြန်မာနိုင်ငံ လိုပဲ ဗြိတိသျှတွေရဲ့ကျူးကျော်တိုက်ခိုက် သိမ်းပိုက်ခြင်းကိုခံရပြီး လက်အောက်ခံ ကိုလိုနီနိုင်ငံ တစ်ခုဖြစ်ခဲ့ ဖူးပါတယ်။

ကျွန်ဘဝသို့ကျရောက်သွားရတဲ့ ကိုလိုနီနိုင်ငံတွေရဲ့ ထုံးစံအတိုင်း မတရားကျွန်ပြု အုပ်ချုပ်သူ ဗြိတိသျှ အင်္ဂလိပ်အစိုးရကို အမေရိကန်ပြည်သူတွေဟာ လက်နက်စွဲကိုင်ပြီး ပြန်လည် တော်လှန်တိုက်ခိုက် ခဲ့ရပါတယ်။ တော်လှန်ရေး အောင်မြင်တဲ့အတွက် အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာအလယ်မှာ လွတ်လပ်သော နိုင်ငံတစ်ခုအဖြစ် ဂုဏ်သိက္ခာရှိစွာ ပြန်လည်ရပ်တည်နိုင်ခဲ့ပါတယ်။

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမူသမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ အဓိကကျသလို အမေရိကန် ပြည်ထောင်စုရဲ့ လွတ်လပ်ရေးကြိုးပမ်းမူ သမိုင်းမှာလည်း ဂျော့ဝါရှင်တန်ဟာ အခရာကျပါတယ်။ ယနေ့ကျရောက်တဲ့ ဇူလိုင်လ၄ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၂၄၄နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအတွက် အင်မတန်ထူးခြားလေးနက်တဲ့ ဒီလိုနေ့ထူးနေ့မြတ် အခါသမရမှာ အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးဖခင်ကြီး ဂျော့ဝါရှင်တန် အကြောင်းကို လက်လှမ်းမီသလောက် တင်ပြပေးလိုပါတယ်။

ဂျော့ဝင်ရှင်တန်ဟာ ဖခင်ကောင်းတစ်ယောက်က မိမိရဲ့သားသမီးကို ပြုစုပျိုးထောင်သကဲ့သို့အမေရိကန်ပြည် ထောင်စုကို ပြုစုပျိုးထောင်ပေးခဲ့သူဖြစ်ပါတယ်။ တည်ကြည်သော ဥပဓိရုပ်၊ရည်တွေကိုပိုင်ဆိုင်ထားတဲ့ ဂျော့ဝါရှင်တန်ကို အမေရိကန်ပြည်သူတွေက အလွန်အမင်း ကြည်ညိုလေးစားကြပါတယ်။ ဂျော့ဝါရှင်တန်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ လွတ်လပ်ရေးအတွက် သက်စွန့်ဆံဖျားစစ်တိုက်ပေးခဲ့သလို လွတ်လပ်ကာစ အမေရိကန်ပြည်  ထောင်စုရဲ့ အခြေအနေကို ယိမ်းယိုင်းမသွားအောင် ဖေးမထိန်းသိမ်းပြီး နိုင်ငံသူနိုင်ငံသားတွေနဲ့ သင့်တော်တဲ့အုပ် ချုပ်ရေးစနစ်တစ်ရက်ကိုလည်း အခြေခိုင်အောင် တည်ဆောက်ပေးခဲ့ပါတယ်။

ဂျော့ဝါရှင်တန်ဟာ ငယ်စဉ်အခါကပင် မိမိတိုင်းပြည်၊ မိမိလူမျိုးနဲ့ မိမိ တို့ရဲ့ ရေ၊ မြေ၊ တော၊ တောင်သဘာဝတို့ကို ချစ်ခင်မြတ်နိုးသူဖြစ်ပါတယ်။ အမေရိကန် ပြည်သူတွေရဲ့ လွတ်လပ်မူကို လိုလားတဲ့စိတ်ဓာတ်နဲ့ ထိုလွတ်လပ်မူကို ကာကွယ်လိုတဲ့ သတ္တိတွေကိုတော့ ဂျော့ဝါရှင်တန် အမြတ်နိုးဆုံးဖြစ်ပါတယ်။

၁၇၃၂ ခုနှစ်ဖေဖော်ဝါရီလ ၂၂ရက်နေ့က ဗာဂျီးနီးယားပြည်နယ်ဝိက္ကဖီးလယ်တောမှာဂျော့ဝါတန်ရှင်ကို ချမ်းသာတဲ့ မြေပိုင်ရှင်မိဘနှစ်ပါးက ဖွားမြင်ခဲ့ပါတယ်။ ဂျော့ဝါရှင်တန်မှာ မွေးချင်းညီ၃ယောက်နဲ့ ညီမ၂ယောက်ရှိပါတယ်။ အသက်၁၁နှစ်အရွယ်မှာ ဖခင်ကွယ်လွန်သွားတဲ့အတွက် ဂျော့ဝါရှင်တန်ဟာ မိခင်ရဲ့အုပ်ထိန်းမူနဲ့ကြီးပြင်း လာခဲ့ရပါတယ်။ ဂျော့ဝါရှင်တန်ဟာ ကျောင်းစာကို စနစ်တကျသင်ကြားခဲ့ရသူ မဟုတ်ပါဘူး။ မြေတိုင်းပညာဘက်မှာ ဝါသနာပါတဲ့အတွက် ဂျော့ဝါရှင်တန်ဟာ ဂဏန်းသချာၤကိုတော့ သေချာလေ့လာခဲ့ပါတယ်။ အသက်၁၆နှစ်အရွယ် မှာ ဂျော့ဝါရှင်တန်ဟာ မြေပိုင်ရှင်တစ်ဦးထံမှာ မြေတိုင်းစာရေး ဝင်လုပ်ခဲ့ပါတယ်။ ၁၇၅၁ခုနှစ်မှာဂျော့ဝါရှင်တန်ဟာ ဗာဂျီးနီးယားမှာရှိတဲ့ ခြံမြေတစ်ခုကို ဖအေတူ မအေကွဲဖြစ်သူ လောရင့်ဝါရှင်တန်ဆီကနေ အမွေရရှိတဲ့အတွက် မြေပိုင်ရှင်တစ်ဦးဖြစ်လာခဲ့ပါတယ်။

၁၇၅၃ ခုနှစ်မှာ ပြင်သစ်တို့က အိုဟိုင်းအိုကုမ္ပဏီပိုင်း နယ်မြေကို ထိပါးလာတဲ့အတွက် ဗာဂျီးနီးယားဘုရင်ခံက ဂျော့ဝါရှင်တန်ကို နယ်ခြားမှာ အငြင်းပွားတဲ့ကိစ္စကို သွားရောက်စံစမ်းဖို့ ရွေးချယ်စေလွှတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အသက် ၂၁ နှစ်အရွယ်ရှိတဲ့ ဂျော့ဝါရှင်တန်ဟာ ဗာဂျီးနီးယားတပ်ဖွဲကမှာ ဗိုလ်မှူးအဆင့်နဲပ တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။ ပြင်သစ်တို့က အိုဟိုင်းအိုကုမ္ပဏီပိုင်နက်ထဲကနေ ပြန်လည်ဆုတ်ခွာရန် ငြင်းဆန်နေတဲ့အခါ ဗာဂျီးနီးယားဘုရင်ခံက ဂျော့ဝါရှင်တန်ကို ဒုတိယဗိုလ်မှူးကြီးဆင့်သို့ တိုးမြှင့်ခန့်ထားပြီး ပြင်သစ်တို့ကို နှိမ်နင်းစေပါတယ်။

၁၇၅၄ ခုနှမှာ ဒုဗိုလ်မှူးကြီး ဂျော့ဝါရှင်တန်ဟာ ဗာဂျီနီးယားဘုရင်ခံရဲ့ အမိန်အတိုင်း တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ပြင်သစ်တို့ကို ချီတက်တိုက်ခိုက်ခဲ့ပေမဲ့ လက်နက်အင်အား မပြည့်စုံတဲ့အတွက် အရေးနိမ့်ခဲ့ပါတယ်။ ၁၇၅၅ ခုနှစ်မှာ ဒုဗိုလ်မှူးကြီးဂျော့ဝါရှင်တန်ဟာ ဗြိတိသျှဗိုလ်ချုပ် ဗရက်ဒေါ့နဲ့အတူ ပြင်သစ်တို့ကို နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။

ပြင်သစ်တပ်တွေက တောတွင်းတိုက်ခိုက်နည်းကို ကျွမ်းကျင်တဲ့ဒေသခံ ရက်အင်ဒီးယန်းတွေရဲ့ အကူအညီကိုရယူပြီး အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ဗိုလ်ချုပ်ဗရက်ဒေါ့ အပြင်းအထန်ဒဏ်ရာရပြီး တပ်ပျက်ခဲ့ပါတယ်။ အရာရှိတွေထဲမှာ ဂျော့ဝါရှင်တန်တစ်ဦးတည်းသာ အသက်မသေဘဲ လွတ်မြောက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဂျော့ဝါရှင်တန်ကို ဗိုလ်မှူးကြီးရာထူးသို့ တိုးမြှင့်ပေးပြီး ဗာဂျီးနီးယားတပ်ဖွဲ့ရဲ့ သေနာပတိအဖြစ် ခန့်အပ်ခဲ့ပါတယ်။ သုံးနှစ်အကြာ ၁၇၅၈ ခုနှစ်မှာ ဂျော့ဝါရှင်တန်ဟာ ဗာဂျီးနီးယားတပ်ဖွဲ့ရဲ့ သေနာပတိအဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။ ၁၇၅၉ ခုနှစ်မှာ ဂျော့ဝါရှင်တန်ဟာ ဥစ္စာကြွယ်ဝချမ်းသာတဲ့ မာသာကပ်စတစ်ဆိုသူ မုဆိုးမတစ်ဦးနဲ့ လက်ထပ်ပြီး မြေပိုင်ရှင်တစ်ဦး အဖြစ်လည်းကောင်း၊ ဗာဂျီးနီးယားကောင်စီအဖွဲ့ဝင်တစ်ဦးအဖြစ်လည်းကောင်း ၁၅ နှစ်ကြာမျှ အေးချမ်းစွာ နေထိုင်ခဲ့ပါတယ်။

အခွန် မတရားကောက်တဲ့ ဗြိတိသျှကိုလိုနီအစိုးရအပေါ် အမေရိကန်ပြည်သူတွေရဲ့ မကျေနပ်မှုတွေ မြင့်တက်လာနေစဉ် ဘော့စတွန်မြို့မှာ လက်ဖက်ခြောက်အရေးအခင်းဖြစ်ပွားပြီး အမေရိကန် လွတ်လပ်ရေးစစ်ပွဲကို နိဒါန်းပျိုးခဲ့ပါတော့တယ်။ တစ်ချိန်မှာ ဗြိတိသျှတွေကို လက်နက်ကိုင်ပြီး မဖြစ်မနေ တော်လှန်ရမယ်ဆိုတာကိုသိတဲ့ ဂျော့ဝါရှင်တန်ဟာ ဗာဂျီးနီးယာပြည်နယ်မှာ စစ်သားတွေကို စုဆောင်းပြီး ကြိုတင်လေ့ကျင့်ပေးထားခဲ့ပါတယ်။

၁၇၄၄ ခုနှစ်၊ ဖီလာဒဲလ်ဖီးယားမြို့မှာ ကျင်းပတဲ့ ပထမဆုံး ကိုလိုနီကိုယ်စားလှယ်များညီလာခံကို ဂျော့ဝါရှင်တန် ဟာ ဗာဂျီနီးယားကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပါတယ်။ ထိုညီလာခံကို ၁၇၇၅ ခုနှစ်မှာ ဒုတိယကြိမ် ထပ်မံကျင်းပပြီး ကိုယ်စားလှယ်အားလုံးရဲ့ သဘောတူညီချက်နဲ့ ဂျော့ဝါရှင်တန်ကို အမေရိကန် ကိုလိုနီတပ်ပေါင်းစုရဲ့ သေနာပတိအဖြစ်ခန့်အပ်လိုက်ပါတယ်။

ထိုအချိန်က အမေရိကန်ကိုလိုနီတပ်ပေါင်းစုမှာ ပါဝင်ကြတဲ့သူတွေဟာ တိုက်ခိုက်ရေးအတွေ့အကြုံမရှိတဲ့ လယ်သမားတွေသာ ဖြစ်ပါတယ်။ လက်နက်နဲ့ ရိက္ခာလည်း မပြည့်စုံတဲ့အတွက် ဗြိတိဥျှစစ်တပ်ကို့ရင်ဆိုင်တိုက်ခိုက်ဖို့ဆိုတာဟာ လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ သို့သော်လည်းပဲ ဂျော့ဝါရှင်တန်ဟာ အမေရိကန်ကိုလိုနီတပ်ပေါင်းစုကို သူလိုချင်တဲ့အခြေအနေရောက်အောင် စနစ်တကျ ပုံသွင်းပြုပြင်ခဲ့ပါတယ်။

၁၇၇၆ ခုနှစ်မှာ အမေရိကန်ကိုလိုနီတပ်ပေါင်းစုဟာ ဘော့စတွန်မြို့ကို ဗြိတိသျှတို့ရဲ့ လက်ကနေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဘော့စတွန်မြို့သိမ်းတိုက်ပွဲအောင်မြင်ခြင်းနဲ့အတူ ဂျော့ဝါရှင်တန်ဟာလည်း အမျိုးသားသူရဲကောင်းတစ်ဦးအဖြစ် ထင်ရှားလာခဲ့ရပါတယ်။ ၁၇၇၈ ခုနှစ်မှာ ပြင်သစ်တို့ဟာ အမေရိကန်ကိုလိုနီတပ်ပေါင်းစုဘက်ကနေ ဝင်ရောက်ကူညီတိုက်ခိုက်ပေးခဲ့ပါတယ်။ ဗြိတိသျှတပ်တွေ တစ်စတစ်စ အရေးနိမ့်လာခဲ့ပြီး ၁၇၈၃ ခုနှစ်မှာတော့ ဗြိတိသျှတပ်တွေဟာ ဂျော့ဝါရှင်တန်ထဲမှာ လုံးဝလက်နက်ချ အညံ့ခံလိုက်ရခြင်းနဲ့ အမေရိကန်လွတ်လပ်ရေးစစ်ပွဲဟာ ပြီးဆုံးသွားခဲ့ပါတယ်။

စစ်ပွဲအပြီးမှာ ဂျော့ဝါရှင်တန်ဟာ မောင့်ဗာနွန်မှာရှိတဲ့ နေအိမ်ကို ပြန်သွားပြီး မိသားစုနဲ့အတူ ဘဝကို အေးချမ်းသာယာစွာ ဖြတ်သန်းခဲ့ပါတယ်။ အမေရိကန်ကိုလိုနီနယ်များဟာ ဗြိတိသျှတို့ထံကနေ လွတ်လပ်ရေး ရရှိခဲ့သော်လည်း အုပ်ချုပ်ရေးယန္တရားကို ကောင်းကောင်းလည်ပတ်အောင် မမောင်းနှင်နိုင်တဲ့အတွက် ဗဟိုအစိုးရဟာ သြဇာအာဏာကင်းမဲ့လျှက် ရှိပါတယ်။ သမိုင်းပေးတာဝန်ဟာ ဂျော့ဝါရှင်တန်ရဲ့ ပခုံးပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကျရောက်လာပြန်တဲ့အတွက် နိုင်ငံရေးလောကထဲကို မဖြစ်မနေပြန်လည်ဝင်ရောက်ခဲ့ရပါတယ်။

ဂျော့ဝါရှင်တန်ဟာ အမေရိကန်ရဲ့ အစိတ်အပိုင်းအားလုံးကို သြဇာလွှမ်းမိုးနိုင်တဲ့အားကောင်းသော ဗဟိုအစိုးရနဲ့ ခိုင်မာတောင့်တင်းတဲ့ ဘဏ္ဍာရေးစနစ်တွေပေါ်ပေါက်လာဖို့ ကြိုးစားအားထုတ်ခဲ့ပါတယ်။ အုပ်ချုပ်ရေးကို ပြုပြင်ရန်အတွက် နားလည်တတ်ကျွမ်းတဲ့သူတွေရဲ့အကူအညီနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုရေးဆွဲခဲ့ပြီး ထိုအခြေခံဥပဒေသစ်ကို အမေရိကန်ပြည်သူတစ်ရပ်လုံးက သဘောတူလက်ခံအောင် ဂျော့ဝါရှင်တန်က စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပေါ်ပေါက်လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ၁၇၈၉ ခုနှစ်မှာ ဂျော့ဝါရှင်တန်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

၁၇၉၃ ခုနှစ်မှာ သမ္မတအဖြစ် ဒုတိယအကြိမ် ထပ်မံရွေးကောက်တင်မြှောက်ခံရပြီး၊ ၁၇၉၇ ခုနှစ်မှာ သမ္မတအဖြစ် တတိယအကြိမ် ရွေးကောက်တင်မြှောက်တဲ့အခါမှာတော့ ဂျော့ဝါရှင်တန်က လက်မခံဘဲ နောက် လူတွေအတွက် သဘောထားကြီးစွာနဲ့ နေရာဖယ်ပေးခဲ့ပါတယ်။ ဂျော့ဝါရှင်တန်ရဲ့ ရှေ့ဆောင်လမ်းပြမှုကြောင့် သမ္မတများသည် သက်တမ်းနှစ်ကြိမ်အတွက်သာ ရွေးကောက်တင်မြှောက်ခံရမည်ဆိုတဲ့ အစဉ်အလာ တစ်ရပ်ဟာ အမေရိကန်ပြည်ထောင်စုမှာ အမြစ်တွယ်သွားခဲ့ပါတယ်။

၁၇၉၇ ခုနှစ်မှာ ဂျော့ဝါရှင်တန်ဟာ နိုင်ငံရေးလောကကနေ အနားယူပြီး မောင့်ဗာနွန်သို့ ပြန်ကာ လယ်ယာမြေလုပ်ငန်းတွေ လုပ်ကိုင်းရင်းနဲ့ မိသားစုဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပြီး ၂ နျစ်အကြာ ၁၇၉၉ ခုနျစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဂျော့ဝါရှင်တန်ရဲ့အလောင်းကို သူ့ဆန္ဒအတိုင်း မောင့်ဗာနွန်မှာပဲ မြှုပ်နှံထားခဲ့ကြပါတယ်။

ဂျော့ဝါရှင်တန်ဟာ သမ္မတရာထူးကို လက်ခံရန် မောင့်ဗာနွန်မှ နယူးယောက်မြို့သို့သွားရောက်ခဲ့ရစဉ်က  “လူသတ်ကုန်းကို အပို့ခံနေရတဲ့ တရားခံနှင့်တူသည်”ဟု သူ့ခံစားချက်ကို ရိုးသားစွာ ဖွင့်ဟပြသခဲ့ပါတယ်။ သမ္မတ သက်တမ်းနှစ်ဆက်ထမ်းဆောင်ပြီး ရာထူးကအနားယူချိန်မှာ “တစ်ချိန်မှာတော့ အမေရိကန်ပြည်ထောင်စုဟာ စစ်နဲ့ငြိမ်းချမ်းရေးကို ကြိုက်ရာရွေးချယ်နိုင်တဲ့ ပြည်သူတွေဦးဆောင်တဲ့ နိုင်ငံဖြစ်လာမှာပါ။ လက်ရှိအချိန်မှာတော့ စိတ်ရှည်လက်ရှည် စောင့်ကြပါစိုး”လို့ နှုတ်ဆက်စကားဆိုခဲ့ပါတယ်။

ဂျော့ဝါရှင်တန်ဟာ အမေရိကန်ပြည်ထောင်စုကို လွတ်လပ်ရေးလမ်းကြောင်းပေါ်သို့ ဆွဲတင်ခဲ့ပြီး ထိုမှတစ်ဖန် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်သို့တွန်းတင်ပေးခဲ့ပြန်ပါတယ်။ ဂျော့ဝါရှင်တန်ဟာ လွတ်လပ်ကာစ နိုင်ငံတစ်ခုအတွက် မရှိမဖြစ်လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အားကောင်းသော ဗဟိုအစိုးရနဲ့ ခိုင်မာတောင့်တင်းသော ဘဏ္ဍာရေးစနစ်တို့ကို ရအောင် အုတ်မြစ်ချပေးနိုင်ခဲ့ပါတယ်။ ဂျော့ဝါရှင်တန်ဟာ တော်လှန်ရေးမှာရော တည်ဆောက်ရေးမှာပါ တာဝန်ကျေခဲ့သူတစ်ဦးဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ ယနေ့အချိန်မှာ ကမ္ဘာ့အင်အားကြီး စူပါပါဝါ နံပါတ်တစ်နိုင်ငံအဖြစ်ရပ်တည်နေနိုင်ခြင်းရဲ့ အခြေခံ အကြောင်းအရင်းများထဲတွင် ဂျော့ဝါရှငန်တန်ရဲ့ ခေါင်းဆောင်ကောင်းပီသခဲ့မှုသည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

မိုးထက်ဝေယံ 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။