Trending Now

YTT တောင်ကုန်း မြေစာပုံပြိုကျသည့်နေရာတွင် ကယ်ဆယ်ရေးဆောင်ရွက်နေမှုများ ရပ်နားထား

Spread the love

YTT တောင်ကုန်း မြေစာပုံပြိုကျသည့်နေရာတွင် ကယ်ဆယ်ရေးဆောင်ရွက်နေမှုများ ရပ်နားထား

EPN
မြစ်ကြီးနား၊ မတ် ၃

ဖားကန့်မြို့နယ် မက်လင်ချောင် ကျေးရွာအနီး YTT တောင်ကုန်း မြေစာပြိုကျမှုနှင့်ပတ်သက်၍ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေမှုများကို ယမန်နေ့မှစတင်ကာ ရပ်နားထားကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြေစာပုံပြိုကျမှုကြောင့် ကျောက်ရှာဖွေသူ ၅၀ ထက်မနည်း ပျောက်ဆုံးလျက်ရှိပြီး ယမန်နေ့အထိ ၁၇ လောင်း ပြန်လည်ရရှိထားပြီးနောက် ထပ်မံရှာဖွေရန် အဆင်မပြေသည့်အတွက် ရပ်နားထားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

” မြေစာပုံပြိုကျတာက တောင်နှစ်ထပ်ရှိနေတဲ့နေရာ အပေါ်တောင်ကပြိုကျတာ အမြင့်က ခန့်မှန်း ပေ ၃၀၀ ကျော်တယ်၊ ပြိုကျတော့ အောက်က ကျောက်ရှာတဲ့ သူတွေ အားလုံး ပါသွားတယ်၊ မြေစာများတော့ ကယ်ဆယ်ရေးလုပ်ရတာ အဆင်မပြေကြဘူးပြောတယ်၊ မနေ့က ၂ နာရီလောက်က စပြီး ကယ်ဆယ်ရေး လုပ်တာတွေ ရပ်နား လိုက်ပြီ”ဟု ၎င်း ကပြောသည်။

အဆိုပါမြေစာပုံပြိုကျမှုကြောင့် ကျောက်ရှာဖွေသူ ၅၀ ကျော်နှင့် ဘတ်ဟိုးယာဉ် ၃စီး ပါဝင်ခဲ့ပြီး လုပ်ကွက်အချို့တွင် ကျောက်ရှာဖွေမှုကို သက်ဆိုင်ရာမှ ရပ်နားထားခိုင်းကြောင်း ဒေသခံတစ်ဦးကပြောဆိုသည်။
” အဲ့ဒီ YTT ကုန်း ပတ်ဝန်ကျင်ကို ဘတ်ဟိုး တွေနဲ့ ပတ်ခြာလည် မြေမြောင်းတွေတူးထားပြီး ဘယ်သူ့ကိုမှ သွားလာခွင့်မပြုပဲ ကန့်သက်နေရာအဖြစ် သက်မှတ်ထားလိုက်တယ်၊ အနားပတ်ဝန်းကျင် ဆိပ်မူ ထဲက လုပ်ကွက် တွေလဲ ရပ်ခိုင်းထားတယ်၊အလားတူဖြစ်စဉ်မျိုးဖြစ်မှာစိုးလို့တော့ ပြောတယ်။ “ဟု ၎င်းကပြောသည်။

အဆိုပါဖြစ်စဉ်မျိုးကို ဖားကန့်မြို့နယ်တွင် မကြာခဏဖြစ်ပွားလေ့ရှိပြီး ၂၀၂၁ခုနှစ် ဒီဇင်ဘာလ၂၂ရက် နေ့နံနက် (၃)နာရီခန့်ကလဲ မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီးလူဦးရေ (၅၀)ခန့် ပျောက်ဆုံးခဲ့ရကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။