Trending Now

ရတနာပြည့်အောင်အဖွဲ့မှ မတည်၍ ဟိုပင်ပြည်သူ့ဆေးရုံကြီးတွင် စက်ရေတွင်းနှင့်ရေစင် လှူဒါန်းမည်

Spread the love

ရတနာပြည့်အောင်အဖွဲ့မှ မတည်၍ ဟိုပင်ပြည်သူ့ဆေးရုံကြီးတွင် စက်ရေတွင်းနှင့်ရေစင် လှူဒါန်းမည်

EPN
ဟိုပင်၊ မတ် ၂၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်ပြည်သူ့ဆေးရုံကြီးတွင် ရေလုံလောက်မှုမရှိ၍ ဟိုပင်မြို့ရတနာပြည့်အောင် ကျောက်စိမ်းအဖွဲ့မှ မတည်၍ နေ့စဥ်ရေအခက်အခဲ မရှိစေရန် စက်ရေတွင်းနှင့်ရေစင် မတည်ကူညီလှူဒါန်းပေးမည်ဖြစ်ကြောင်း ၎င်းအဖွဲ့ထံမှ သိရသည်။

“ဆေးရုံဝန်းအတွင်းမှာ နှစ်လက်မစက်ရေတွင်းတူးပြီးသွားပြီ အစက လေးလက်မစက်ရေတွင်း စီစဥ်ထားတာ စက်ရေတွင်းတူးဖေါ်ရေးအဖွဲ့ရဲ့ အခက်အခဲကြောင့် နှစ်လက်မစက်ရေတွင်းကို ရာသီမရွေး သုံးစွဲနိူင်အောင် အနက်ပေလေးရာ လေးဆယ်မှာ မြေအောက် ရေစတွေ့တယ်။ သဲကြောစတွေ့တာပေါ့။ သဲကြော သုံးဆယ့်ငါးပေယူထားတယ်။ စုစုပေါင်းအနက်ပေ (၄၇၅)ပေ အနက်ရှိတယ်။ ရေထွက်အားကောင်းတယ်။ ရေစင်ကိုလည်း နောင်တချိန် ကုတင် ၂၀၀ ဆံ့နှစ်ထပ်ဆေးရုံဖြစ်လာရင် အဆင်သင့် ရေပေးဝေလိုရအောင် စီစဥ်ထားပါတယ်´´ဟု ရတနာပြည့်အောင်အဖွဲ့မှ ဦးကျော်စိန်ဝင်းက ပြောသည်။

ဟိုပင်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ သုံးစွဲနေသော ရေတွင်းသည် နှစ်ပေါင်းလေးဆယ်ကျော်ပြီး ရာသီဥတုပြောင်းလဲမှု ဖြစ်စဥ်များကြောင့် ရေခမ်းခြောက်မှုများ ဖြစ်လာကာ နေ့စဥ်ရေလုံလောက်မှုမရှိ၍ ယာယီရေဘုံဘိုင်တစ်ခုဖြင့် အစားထိုး သုံးစွဲနေရအပြင် မီးသတ်ကားဖြင့်ပါ ရေဖြည့်ပေးနေရကြောင်း သိရသည်။

“မိမိမြို့ရွာ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ရတနာပြည့်အောင် (ကျောက်စိမ်း)အဖွဲ့က တက်နိူင်သလောက် မတည်ကူညီပေးပါတယ်။ အားလုံးသိတဲ့အတိုင်း ကိုဗစ်ကပ်ဘေးကြောင့် လုပ်ငန်းတွေရပ်နားထားရချိန်မှာ ပြည်သူ့ဆေးရုံ ရေအခက်အခဲအတွက် တစ်ဦးတည်းအလှူရှင် မပေါ်လို့ အားလုံးတိုင်ပင်ပြီးမှ ခုလိုလုပ်ဖြစ်တာပါ။ ရတနာပြည့်အောင်အဖွဲ့မှ မဟုတ်ပါဘူးမည်သူမဆို ပါဝင်လှူဒါန်းလို့ရပါတယ်။ အလှူရှင်စာရင်းနဲ့ စာရင်းရှင်းတမ်းတွေလည်း ထုတ်ပြန်ပေးသွားမှာပါ။ အလှူငွေများများရရင် ရာသက်ပန် ရေအလှူပဒေသာပင် စိုက်ထူနိူင်ရင် ပိုကောင်းပါတယ်။ ပါဝင်လှူဒါန်းချင်လျှင် ၀၉ ၄၀၀ ၀၀၄ ၆၄၇ နဲ့ ၀၉ ၇၉၃ ၉၆၉ ၄၇၁ သို့ ဆက်သွယ်လှူဒါန်းနိူင်ပါတယ်´´ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကချင်ပြည်နယ်အတွင်းရှိ ဟိုပင်မြို့တွင် တိုင်းရင်းသားပေါင်းစုံ အတူယှဥ်တွဲနေထိုင်ကြပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်လျှင် စေတနာသဒ္ဒါတရား ထက်သန်သောမြို့တစ်မြို့လည်း ဖြစ်သည်။

သတင်း/ဓါတ်ပုံ စိုးဝင်းထွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။