Trending Now

ဝိုင်းမော်မြို့နယ်၊ အတွင်းသို့ နေရပ်စွန့်ခွာလာသည့် အိမ်ထောင်စု (၁၅၀) စု စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိလာ

Spread the love

ဝိုင်းမော်မြို့နယ်၊ အတွင်းသို့ နေရပ်စွန့်ခွာလာသည့် အိမ်ထောင်စု (၁၅၀) စု စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိလာ

EPN
ဝိုင်းမော်၊ မတ် ၁၁ (၂၀၂၄)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်၊ အောင်မြေ (၁)၊ ကဇူး၊ ဂါးရာယန်၊ ဒဘတ်ယန် စသည့် ကျေးရွာများမှ နေရပ်စွန့်ခွာလာကြသည့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၅၀) စုတို့သည် ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ရှောင် ယာယီစခန်းများသို့ ယမန်နေ့က ရောက် ရှိလာကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ စန်းကား KBC နှစ်ခြင်းခရစ်ယန်၊ သာဂရလီဆူနှစ်ခြင်း အသင်းတော်၊ ဝိုင်းမော်မြို့ (၂) ရပ်ကွက် RC ဘုရားကျောင်း၊ နောင်ဟီးနှစ်ခြင်း အသင်းတော် ဘုရားကျောင်းများသို့ ယမန်နေ့ကစ၍ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၅၀) စု၊
လူဦးရေ ၇၀၀ နီးပါး ရောက်ရှိလာကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

” တိုက်ပွဲရှောင်ပြည်သူ အများစု ဝိုင်းမော်မြို့နယ်အတွင်းက ယာယီစခန်းတွေကို နေ့စဉ်ရောက်လာတာတွေ ရှိနေပါတယ်။ တိုက်ပွဲရှောင် ပြည်သူတွေအတွက် လိုအပ်မှု ရှိတာတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းက အကူညီပေးဖို့ တင်ပြအကြောင်းကြားတာတွေ လုပ်ဆောင်နေတယ် ” ဟု ၎င်းကရှင်းပြသည်။

ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင် ကျေးရွာ အုပ်စုများဖြစ်ကြသည့် အောင်မြေ (၁)၊ (၂)၊ ကဇူး၊ နန်ဆန်ယန်၊ ဂါးရာယန်၊ ဒဘတ်ယန် ကျေးရွာတို့တွင် တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား ပြီးခဲ့သည့် လပိုင်းအတွင်းကစ၍ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာ၍ ဒေသခံပြည်သူ တစ်ထောင့်ခြောက်ရာနီးပါး နေရပ်စွန့်ခွာ၍ ဝိုင်းမော်မြို့နယ်အတွင်းက ယာယီစစ်ရှောင် စခန်းများတွင် ခက်ခက်ခဲခဲ နေထိုင်နေရကြောင်း တိုက်ပွဲရှောင်ပြည်သူ တစ်ဦးက ဆိုသည်။

” ကျွန်မတို့ ဒေသဘက်မှာ တိုက်ပွဲတွေ မတရား ဖြစ်နေတယ်။ ဘယ်လိုမှ နေလို့မရလို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခိုးပြီး ဝိုင်းမော်ဘက်မှာရှိတဲ့ ဘုရားကျောင်းတွေဆီကို ထွက်ပြေးလာရတယ်။ လာကူညီသူလည်းမရှိ၊ အဝင်လည်းမရ၊ အထွက်လည်းမရ အရမ်းဒုက္ခရောက်ရတယ်။ နေထိုင်လို့ ရတဲ့ ယာယီစစ်ရှောင် စခန်းမှာ အခု ခက်ခက်ခဲခဲ နေထိုင်နေရတယ် ” ဟု ၎င်းက ရှင်းပြသည်။

ဝိုင်းမော် – ဗန်းမော်သွားလမ်းပိုင်းတွင် ပြီးခဲ့သည့်နှစ် ဇူလိုင်ကလအတွင်း တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများ ပြင်းထန်ခဲ့၍ ဒေသခံပြည်သူ အိမ်ထောင်စု (၁၀၁) စု၊ လူဦးရေ (၂၄၆) ဦးတို့သည် အောင်မြေ (၁) ကျေးရွာ အတွင်းသို့ ရောက်ရှိခဲ့ပြီး၊ ယင်းတိုက်ပွဲရှောင် ပြည်သူများကို သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်၊ အောင်မြေ (၁)၊ (၂) ၊ ဂါးရာယန်၊ ကဇူး၊ ဒဘတ်ယန်၊ နန်ဆန်ယန် စသည်တို့တွင် တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်လျက်ရှိနေသောကြောင့် နေရပ်စွန့်ခွာလာကြပြီး၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ယာယီစစ်ပွဲရှောင်စခန်းများတွင် အိမ်ထောင်စု (၅၀၀) ကျော်၊ လူဦးရေ (၁၆၀၀) နီးပါး ခက်ခက်ခဲခဲ နေထိုင်လျက်ရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။