Trending Now

ဒေသခံတိုင်းရင်းသားများ၏ အသက်အိုးအိမ် ကာကွယ်စောင့်ရှောက်ဖို့ အကြိမ်များစွာ အကြောင်းကြားသော်လည်း အစိုးရအနေနှင့် ဖြေရှင်းပေးတာ မရှိဟု S.E.A အဖွဲ့ဆို

Spread the love

ဒေသခံတိုင်းရင်းသားများ၏ အသက်အိုးအိမ် ကာကွယ်စောင့်ရှောက်ဖို့ အကြိမ်များစွာ အကြောင်းကြားသော်လည်း အစိုးရအနေနှင့် ဖြေရှင်းပေးတာ မရှိဟု S.E.A အဖွဲ့ဆို 

EPN
မြစ်ကြီးနား၊ ဇွန် ၂၆

ဒေသခံတိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ပေးရန်အတွက် နိုင်ငံတော်အစိုးရထံသို့ အကြိမ်ကြိမ် အကြောင်းကြားစာတင်ခဲ့သော်လည်း လက်တွေ့တွင်မူ ဖြေရှင်းပေးမှု မရှိသေးကြောင်း မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့(S.E.A) က ပြောကြားလိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုမှ အခွန်ကောက်ခြင်းနှင့် လူသစ်စုဆောင်းခြင်းများ လုပ်ဆောင်နေသည့် အတွက် ရှမ်းလူမျိုးများ အတွက် ကာကွယ်သည့်အနေဖြင့် လက်ရှိနိုင်ငံတော်အစိုးရသို့ အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်း မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ အတွင်းရေးမှူး ဦးမျိုးဆွေက EPN သို့ ပြောပြသည်။

“လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုက ဆက်ကြေးကောက်တယ်၊ လူသစ်စုဆောင်းတယ်၊ လူ့အခွင့်အရေး ချိုးဖောက်တာတေ ွရှိတယ်ဆိုပြီး အကြောင်းကြားလာပါတယ်၊ ဆိုတော့ ကျွန်တော်တို့က ရှမ်းလူမျိုးတွေ အတွက် သီးသန့် ကာကွယ်တဲ့အနေနဲ့ အစိုးရရော တပ်မတော်ရော သိအောင် တင်ပြပါတယ်။ ပြောရရင် ထိထိရောက်ရောက် ဖြေရှင်းတာမျိုးမရှိဘူး ဘယ်သူ့ကို အဖေခေါ်ရမှန်း မသိဘူး” ဟု ၎င်းက ပြောသည်။

S.A.E အနေနှင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်သို့ အကြောင်းကြားစာကို ယခုနှစ်အတွင်း ဆယ်ကြိမ်ထက် မနည်း ရှိခဲ့သော်လည်း တာဝန်ယူဖြေရှင်းပေးမှု မရှိခြင်းသည် လက်နက်မကိုင်ထားသည့် တိုင်းရင်းသားလူမျိုးများအား ပစ်ပယ်ထားခြင်း ဖြစ်ကြောင်း ဦးမျိုးဆွေက သုံးသပ်ပြောဆိုသည်။

“တိုင်းရင်းသားတွေကို ပစ်ထားတယ်လို့ပဲ ပြောရမှာပေ့ါ ဘာလို့ဆိုတော့ တိုင်းရင်းသားအချင်းချင်း လက်နက်ကိုင် တဲ့သူက လက်နက်မရှိတဲ့သူကို အနိုင်ကျင့်တဲ့ကိစ္စကို အစိုးရအနေနဲ့ ဖြေရှင်းပေးမှ ရမယ်လေ ဒါကြောင့် မြန်မာ့တပ်မတော်ကဘဲ အစိုးရနဲ့ပူးပေါင်းပြီးဆောင်ရွက်ရင်တာ့ အကောင်းဆုံးပေါ့ဗျာ”ဟု ဆိုသည်။

လက်ရှိတွင်လည်း အစိုးရမဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုမှ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အတွင်းမှ ဒေသခံ တိုင်းရင်းသား များထံ ခြိမ်းခြောက်စာထုတ်ကာ အခွန်ကောက်ခံမှုများ ရှိနေပြီး ယင်းသို့ လုပ်ဆောင်နေသည့်အပေါ် ဒေသခံတိုင်းရင်းသားများအတွက် ကာကွယ်ပေးနိုင်ရန် နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး အပါအဝင် သက်ဆိုင်ရာဌာန (၁၅)ခုမှာ အကြောင်းကြားစာ တင်ပြထားကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်းနှင့် ဗန်းမော် စသည့် ဒေသများအတွင် အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ ဆက်ကြေးကောက်ခံမှုများ လုပ်ဆောင်နေသည့်အတွက် ဒေသခံတိုင်းရင်းသားများအတွက် ထိခိုက်နစ်နာမှုများ ရှိနေကြကြောင်း ဒေသခံတိုင်းရင်းများထံမှ သိရသည်။

မိုးလေး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။