Trending Now

လုံးခင်း၊ မှော်စီစာ၌ စိတ်ကြွဆေးပြား လေးသိန်း‌ကျော် ဖမ်းဆီးရမိ၊ တရားခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ

Spread the love

လုံးခင်း၊ မှော်စီစာ၌ စိတ်ကြွဆေးပြား လေးသိန်း‌ကျော်
ဖမ်းဆီးရမိ၊ တရားခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ
EPN
ဖားကန့်၊ မတ် ၁၆
ဖားကန့်မြို့နယ် ကျောက်စိမ်းမှော် ဒေသ လုံးခင်းကျေးရွာအုပ်စု မှော်စီစာ ကျေးရွာတွင် ယမန်နေ့ ညပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား အပြားရေ လေးသိန်းကျော်နှင့်အတူ သယ်ဆောင်လာသူများကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
မူးယစ်တပ်ဖွဲ့ စု( ၅၃) ဖားကန့် မှ ရဲမှူး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ မတ် ၁၅ ရက်နေ့ ည ၁၀ နာရီချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ Sky ဟိုတယ်အနီး စောင့်ဆိုင်းနေစဉ် ၎င်းဟိုတယ်ရှေ့သို့ ရောက်ရှိ လာသည့် ယာဉ်မောင်း ခါးလီ (ကိုယ်ရေးအချက်အလက် စိစစ်ဆဲ) မောင်းနှင်ပြီး နန်လွမ်း (ခ)ဇောင်းညွယ်(ခ)အနန်၊ ၂၈ နှစ်၊ (ဘ)ဦးဒေါပ်ဇောင်း၊ မှော်ပုံကျေးရွာ၊ ဖားကန့်မြို့နယ်နေသူနှင့် ဆိုင်းလီ၊ ၂၃ နှစ်၊ (ဘ)ဦးဒေါပ်ဇောင်း၊ မပတ(စိစစ်ဆဲ)၊ မှော်ပုံကျေးရွာ၊ ဖားကန့်မြို့နယ်နေသူတို့ လိုက်ပါလာသည့် ယာဉ်အမှတ်၊ WISH အဖြူရောင်ယာဉ် (လိုင်စင် စိစစ်ဆဲ) အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နောက်ဖုံးအတွင်း၌ အဖြူရောင်ဆာလာအိတ် ၂ အိတ်ဖြင့် ထည့်ထားသည့် ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၀၈၀၀၀ ပြား (ကာလတန်ဖိုး ဆေးပြား ၁ ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၂၀၄၀၀၀၀၀၀ ကျပ်)ခန့် အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဖမ်းဆီးစဉ် ယာဉ်မောင်း ခါးလီမှ ဖမ်းဆီးသည့် ရဲအရာရှိအား အား တွန်းထိုး၍ ထွက်ပြေးသွားသဖြင့် ရဲအရာရှိမှ လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ခါးလီ၏ ခါးယာဘက်ခြမ်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်တင်ပါး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲလက်ဖမိုး ကျည်ဆန်ထိမှန်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိခဲ့ပြီး ၎င်းနှင့်အတူ တရားခံများအား ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ယင်းဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်အတူ သယ်ဆောင်လာသူများအား ဥပဒေအရ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိပြီး ကွင်းဆက်များ ဖော်ထုတ်နိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း – ပိုင်ကြီး
ဓါတ်ပုံ – ‌ဖားကန့်ကျောက်စိမ်းမှော်ဒေသအတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူများကို မြင်တွေ့နေရစဉ် (ပုံဟောင်း)

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။