Trending Now

ရုရှားက ဥရောပသားတွေရဲ့ ပုံမှန်ဘဝတွေကို ဖျက်ဆီးပစ်ချင်နေတယ်လို့ ဇလန်ဇကီ သတိပေး

Spread the love

ရုရှားက ဥရောပသားတွေရဲ့ ပုံမှန်ဘဝတွေကို ဖျက်ဆီးပစ်ချင်နေတယ်လို့ ဇလန်ဇကီ သတိပေး
EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၅
ရုရှားက ဥရောပသားတွေရဲ့ ပုံမှန်ဘဝတွေကို ဖျက်ဆီးဖို့အတွက် ကြိုးပမ်းနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်ဇကီက စနေနေ့က သူ့ရဲ့ ပုံမှန်မိန့်ခွန်းအတွင်းမှာပြောဆိုခဲ့ပါတယ်။
ရုရှားက ဥရောပကို တိုက်ခိုက်ဖို့အတွက် ဒုံးကျဉ်တွေကို အသုံးမပြုဘဲ နိုင်ငံရေးနဲ့ စီးပွားရေးတွေကို လက်နက်အဖြစ် အသုံးပြုပြီး ဥရောပကိုဆင်းရဲမွဲတေအောင်လုပ်နေတယ်လို့ ဇလန်ဇကီက ပြောပါတယ်။
ယူကရိန်း-ရုရှား ပဋိပက္ခအတွင်းမှာ ယူကရိန်းကိုထောက်ပံ့နေတဲ့ ဥရောပကို ဖြိုခွင်းဖို့ ရုရှားက ဓာတ်ငွေ့ကို လက်နက်အဖြစ်အသုံးပြုနေတယ်လို့ စွပ်စွဲခဲ့ပြီး ရုရှားဘက်ကတော့ ငြင်းဆိုထားပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ရှားပါးလာတဲ့ စွမ်းအင်ထောက်ပံ့မှုတွေကြောင့် စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာပြီး ဥရောပရဲ့ ကုန်ကျစရိတ်တွေကို ပိုမိုမြင့်တက်လာစေခဲ့ပါတယ်။
ဥရောပမှာရှိတဲ့ မိသားစုတွေဟာ စွမ်းအင်ဈေးနှုန်းမြင့်တက်မှုကြောင့် အခုဆောင်းရာသီမှာ စရိတ်မတတ်နိုင်တော့မှာကို စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။
ဥရောပတိုက်တစ်ဝှမ်းမှာ ရှိတဲ့ အစိုးရတွေကလည်း အကျပ်အတည်းကို သက်သာစေမယ့် အစီအမံတွေကို စဉ်စားနေကြပေမယ့် ပြေလည်အောင်ဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။
ရုရှားရဲ့ စွမ်းအင်ထောက်ပံ့ရေး ပြတ်တောက်မှုဒဏ်ကို အဆိုးရွားဆုံး ထိခိုက်စေခဲ့တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံဟာ ယူရို ၆၅ ဘီလီယံ (ပေါင် ၅၆ ဘီလီယံ) အကူအညီ ပက်ကေ့ချ်ကို တနင်္ဂနွေနေ့က ကြေညာခဲ့ရပါတယ်။
ရုရှားနိုင်ငံ နဲ့ အငြင်းအခုံဖြစ်ပွားခဲ့တဲ့ နိုင်ငံတွေကို ရုရှားက ဓာတ်ငွေထောက်ပံ့မှုကို ဖြတ်တောက်ခဲ့တဲ့အတွက် ဂျာမနီရဲ့ ဓာတ်ငွေ့ဈေးနှုန်းဟာ ဇွန်လကနေ စတင်ပြီး ၈၄ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် ဥရောပက ရုရှားကို ငွေကြေးထောက်ပံ့နိုင်မှုတွေ လျှော့ချဖို့ ကြိုးပမ်းခဲ့ပြီး ရုရားကလည်း ဥရောပကို စွမ်းအင်ထောက်ပံ့မှု ဖြတ်တောက်ဖို့ ကြိုးပမ်းနေပါတယ်။
ရုရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Gazprom က ဂျာမနီကိုတင်ပို့နေတဲ့ Nord Stream 1 ပိုက်လိုင်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်နိုင်ကြောင်း သောကြာနေ့က ကြေညာခဲ့ပါတယ်။
အဲ့ဒီကြေညာချက်ဟာ ယူကရိန်းကို ထောက်ခံတဲ့အနေနဲ့ ရုရှားရေနံဈေးနှုန်းကို G7 နိုင်ငံတွေက လျှော့ချဖို့ သဘောတူပြီး မကြာခင်မှာပဲ Gazprom ရဲ့ ကြေညာချက်ထွက်ပေါ်လာတာပါ။
G7 အဖွဲ့ထဲမှာ ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ နဲ့ ဂျပန်တို့ ပါဝင်ပါတယ်။
G7 လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေဟာ သတ်မှတ်ထားတဲ့ ဈေးနှုန်းအောက်မှာရောင်းချတဲ့ ရုရှားရေနံနဲ့ ရေနံထွကပစ္စည်းတွေကိုသာ ဝယ်ယူခွင့်ပြုမယ်လို့ ကြေညာခဲ့ပြီး ရုရှားကလည်း အဲ့ဒီအဖွဲ့ထဲမှာ ပါဝင်တဲ့ နိုင်ငံတွေကို တင်ပို့မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
— ကိုးကား —
bbc
ref; Ukraine war: Russia wants to destroy Europeans’ normal life, Zelensky warns

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။