Trending Now

နိုင်ငံရေးနှင့် ဆင်ခြင်တုံတရား အပိုင်း (၂)

Spread the love

နိုင်ငံရေးနှင့် ဆင်ခြင်တုံတရား အပိုင်း (၂)

EPN
သတင်းဆောင်းပါး၊ ၂၀၂၂ခုနှစ်၊ ဧပြီ ၁၀

မိုးမြင့်မောင် ပြုစုရေးသားသည်။

၂၀၁၀ ခုနှစ်မှ စတင်ခဲ့သော ဒီမိုကရေစီစနစ်သည် သက်တန်းအားဖြင့် အလွန်နုငယ်သေးသည်။ မည်သည့် အရာတွင် မဆို အကောင်းနှင့်အဆိုး ဒွန်တွဲလျက် ရှိပေရာ အရာရာကို ဆုံးဖြတ်ရာ၌ အသိဉာဏ်ပညာရှိပြီး ဆင်ခြင်းတုံတရားဖြင့် လုပ်ကိုင် ဆောင်ရွက်တတ်သော လူသာ အခရာဖြစ်ပေသည်။ ဒီမိုကရေစီစနစ်၏ လတ်တလောအပြစ်များကို ဖေါ်ပြရလျှင် ဒီမိုကရေစီခေတ်တွင် နိုင်ငံသားများအား  နိုင်ငံရေး အသိဉာဏ် ညီမျှသည်ဟု ဝန်ခံရာရောက်သည်။ သို့ရာတွင် တိုင်းသူ ပြည်သားများသည် နိုင်ငံရေး အသိဉာဏ် မတူညီကြချေ။ အများအားဖြင့် နိုင်ငံရေး အသိဉာဏ်ချို့တဲ့ကြသည်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ အချို့မှာ လုပ်ပိုင်ခွင့်သာသိပြီး တာဝန်ယူမှု တာဝန်ခံမှုမရှိသည့် အုပ်ချုပ်ရေးယန္တရားကြောင့် မြန်မာနိုင်ငံ၏ အများစုသော တိုင်းသူပြည်သားများမှာ ဒီမိုကရေစီ၏ အရသာကို ပီပီပြင်ပြင် ထိတွေခွင့်မရသေးချေ။

ပြုပြင်ပြောင်းလဲမှုများကို ဖေါ်ဆောင်ရာတွင် အင်္ဂလိပ်ကိုလိုနီနယ်ချဲ့လက်ထက်မှ နှစ်ပေါင်းများစွာ အသားကျ နေခဲ့သော အထက်အောက် အမိန့်ပေးစနစ်၏ အကျိုးဆက်များကို ရွေးကောက်ခံအစိုးရမှ ပြုပြင်ပြောင်းလဲနိုင် ရမည် ဖြစ်ပေသည်။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးစနစ်အပြောင်းအလဲသည် အုပ်ချုပ်ရေးယန္တရားဖြစ်သည့် ဗျူရိုကရေစီစနစ် တောင့်တင်းခိုင်မာမှုအပေါ် များစွာ မူတည်နေသည်မှာ သတိပြုမိသူ နည်းပါးလှသည်။ မြန်မာနိုင်ငံ၏ ဗျူရိုကရေစီစနစ်မှာ အကျင့်ပျက်ခြစားမှုများ၊ လူမှန်နေရာမှန် မရှိမှုများနှင့် လုံးထွေးနေသည်ဟု ဆိုချင်ပါသည်။

မြန်မာနိုင်ငံတွင် ၅ နှစ်တစ်ကြိမ်ကျင်းပသော ရွေးကောက်ပွဲစနစ်ကြောင့် မဲဆန္ဒရှင်ပြည်သူတို့က ယင်းတို့ အကျိုးစီးကို တိုးတက်အောင် ဆောင်ရွက်ပေးနိုင်သော လူ၊ ပါတီကို နောက်တစ်ဖန်ပြန်လည် ရွေးချယ် နိုင်ပါသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးသော တိုင်းပြည်နိုင်ငံတွင် ပြည်သူများကပေးသော ထောက်ခံဆန္ဒမဲ များကြောင့် အုပ်ချုပ်ရေး အာဏာရခဲ့သော အစိုးရအဖွဲ့တိုင်းသည် ၎င်းတို့ကို ထောက်ခံဆန္ဒပြုခဲ့ကြသော ပြည်သူများ၏ အကျိုးစီးပွားကို ထိထိရောက်ရောက် ဆောင်ရွက်ရန် အရေးကြီးပါသည်။

တဖန် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးချိန်မှ စတင် ပေါ်ပေါက်ခဲ့သော မြန်မာ့ပြည်တွင်း စစ်သက်တန်းသည် နှစ်ပေါင်း ၇၀ ကျော်လွန်ခဲ့ပြီး အကြာရှည်ဆုံး ပြည်တွင်းစစ်ဖြစ်သည်။ အစိုးရ အဆက်ဆက်၏ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်တောက်မည်ဟု ကြွေးကြော်ခဲ့ကြသော်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် အဆုံးသတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဉ်မှာ ယနေ့အထိ အဆုံးမသတ်နိူင်သေးသည်ကို အားလုံးတွေ့မြင်ပြီး ဖြစ်သည်။

ယခုအခါ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ် ရေးထိုးနိုင်ဖို့အတွက် နှစ်ဖက် ခေါင်းဆောင် များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြည်တွင်းပြည်ပတွင် ဆွေးနွေးပွဲများကို အကြိမ်ကြိမ် ဆွေးနွေးနေကြောင်း သိရသည်။

၂၀၂၂ ခုနှစ် မတ် ၁၀ ရက်တွင် မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ  ဂျပန်အထူး ကိုယ်စားလှယ် ဆာဆာကာဝါနှင့် တိုင်းရင်းသားလက်နက်ကိုင် EAOs ခေါင်းဆောင်အချို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံခဲ့ကြသည်။ ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စတုတ္ထအကြိမ် NCA-S EAO ထိပ်သီးခေါင်းဆောင်များညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည့်အပြင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သံအမတ်ကြီးများလည်း တက်ရောက်ခဲ့ကြောင်း ကြားသိရပြီး၊ ညီလာခံကို ဧပြီလ ၂ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ညီလာခံတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက “ဒီနေ့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခဟာ ကျွန်တော်တို့ အခုလိုပွဲမျိုးနဲ့ ဆက်ပြီးလှုပ်ရှားသွားဖို့ မဖြစ်ပါဘူး။ ဒီအတိုင်းပဲ သွားကြမယ်ဆိုရင် ကျွန်တော်ပြောရဲတယ် ရည်မှန်းထားတဲ့ ငြိမ်းချမ်းရေး၊ လူမျိုးချင်းမတူ သော်လည်း ကျွန်တော်တို့ ရည်မှန်ထားတဲ့ ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်ရေးက ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အခုလူမျိုးချင်း မတူသော်လည်း ငြိမ်းချမ်းစွာအတူနေထိုင်သွားရေးက တစ်ပြည်လုံးမှာ ကြားနေရတဲ့အသံ၊ အခုလောလောဆယ် အားလုံးက သိနေကြပါတယ်။ တစ်ပြည်လုံးမှာ အားလုံးက အပြန်အလှန် သတ်နေကြတယ်။ အပြန်အလှန်သတ်ချင်နေသော၊ သတ်ဖြတ်နေသော လုပ်ရပ်များ ကို မရပ်တန့်ဘဲ ဆက်သွားနေပါက တိုင်းပြည် ငြိမ်းချမ်းရေး ရရန်မဖြစ်နိုင်ကြောင်း၊ အခုအခြေအနေက ကျွန်တော်ခံယူချက် အနေနဲ့က တိုင်းပြည်ရဲ့ပြဿနာကို ကျွန်တော်တို့စားပွဲပေါ်မှာပဲ သွားရမှာဖြစ်တယ်။ အားမနာတမ်း ကျွန်တော်တို့ သတ္တိရှိရှိသတ်ဖြတ်နေကြမယ်ဆိုရင် ကျွန်တော်တို့ ပန်းတိုင်ကို ရောက်မှာ မဟုတ်ပါဘူး။ အာဃာတ အမုန်းတရားများကို အခြေခံကာ ဖြေရှင်း၍မရသလို လူသတ်ပွဲများ ဖြင့်လည်း ဖြေရှင်း၍ မရကြောင်းနှင့် ဆန္ဒရှိမယ်ဆိုရင် မျက်နှာချင်းဆိုင်အပြန်အလှန်စားပွဲပေါ်မှာ ဆွေးနွေးရမှာပဲ ဖြစ်တယ်´´ဟု ပြောကြားခဲ့သည်။

ထာဝရ အပစ်အခက်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် အမြန်ဆုံး အောင်မြင်စေရန် ပြည်သူလူထု တစ်ရပ်လုံးက မျှော်လင့်စောင့်ဆိုင်း နေကြသည်။ တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲဖို့အတွက် အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ညှိနှိုင်းနေကြောင်း သတင်းများ အရ ကြားသိရသည်။

“နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရှိစေရေးသည် အင်မတန်အရေးကြီးသည့် အချက်တစ်ချက်ဖြစ်တယ်။ အားလုံးသိပြီးဖြစ်တဲ့ ပြည်ပအင်အားကြီး မီဒီယာတွေရဲ့ လိုသလိုပုံဖေါ်မှုတွေကြောင့် မြန်မာအတွက် နိုင်ငံရေးအကျပ်အတည်း ဖြစ်လာသလို စီးပွားရေးအရ ရင်းနှီးမြုပ်နှံသူများရဲ့ ယုံကြည်မှုကို အထိုက်အလျောက် ဆုံးရှုံးစေတယ်။ ပြည်တွင်းပဋိပက္ခပြဿနာတွေ၊ ICJ အရေးနှင့်နိုင်ငံတကာ ဖိအားတွေအောက်က လွတ်မြောက်စေရန်၊ တိုင်းပြည်စီးပွားရေး လုပ်ငန်းတွေ ပြန်လည်ဦးမော့လာစေရန်၊ နှစ်ပေါင်း ၇၀ ကျော်အကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်း စစ်မီးကိုငြိမ်သတ်နိူင်ရန်၊ NCA -S ဆွေးနွေးပွဲညီလာခံ အောင်မြင်စေရန် ဒါတွေကို တစ်ပြိုင်နက်တည်းကိုင်တွယ်ရတဲ့ အိမ်စောင့်အစိုးရ တစ်ရပ်အနေဖြင့် စွမ်းရည်မြင့်မားတဲ့ နိုင်ငံရေးသမားတွေ၊ အသိအတတ်ပညာရှင်တွေ အများကြီး လိုအပ်နေသလို လူကောင်းတွေအများကြီးရှိနေဖို့လည်း လိုပါတယ်။ အဲ့အထဲမှာ နိုင်ငံရေး ထရိုဂျင်တွေ မပါဖို့တော့ အရေးကြီးတယ်။ တိုင်းသူပြည်သားတွေကလည်း နိုင်ငံကြီးသားပီသဖို့ လိုသလို သတင်းအမှန်တွေကို ရွေးချယ်စားသုံးတတ်မှသာလျှင် နောင်တက်လာမယ့် အစိုးရနဲ့ပြည်သူ နှစ်ဦးနှစ်ဘက်ပိုမို အကျိုးဖြစ်ထွန်းစေမှာပါ။ တိုင်းပြည်နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းသူပြည်သားတွေ စားဝတ်နေရေးနဲ့ စည်းကမ်းပြည့်ဝပြီး စစ်မှန်တဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးကို နောက်ပြန်မလှန်အောင် ဆွဲတင်ပေးတဲ့ အစိုးရကို ထောက်ခံရမှာပါ။ ကမ္ဘာမှာ ပါတီပေါင်း ၉၀ ကျော်ရှိတာ မြန်မာပြည်မှာပဲရှိတယ်။ လက်နက်ကိုင်အဖွဲ့တွေ အများဆုံးရှိတယ်။ ဒါတွေက တိုင်းသူပြည်သား အားလုံးအတွက် စိုးရိမ်စရာတွေပါ။ အကြမ်းဖက်ဝါဒရဲ့ ရေခံမြေခံက မင်းမဲ့ဝါဒကို ဖြစ်စေတယ်။ ၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှုကြီးဖြစ်ပွားပြီးနောက် အာဖဂန်နစ္စတန်နဲ့ အီရတ်တို့ကို အမေရိကန်နဲ့သူအပေါင်းအပါတွေက ဝင်ရောက်ကျူးကျော်ပြီးနောက် အကြမ်းဖက် တိုက်ခိုက်မှုတွေက အာရှနိုင်ငံတွေအထိ ပျံ့နှံ့လာခဲ့တယ်။ နားမလည်တဲ့ ကျား/မဆယ်ကျော်သက် ကလေးတွေ online ပေါ်ကတဆင့် သိမ်းသွင်းခံရပြီး ကြည်ကြည်ဖြူဖြူပင် အသက်နဲ့ရင်းလို့ အသေခံခိုင်းခဲ့ကြတယ်။ အနာဂတ် အကြမ်းဖက်သမားတွေ ဆန်းစစ်ကြည့်တော့ ပညာတတ်ပြီး အစွန်းရောက် သူတွေ ဖြစ်နေတယ်။ ယနေ့ဖြစ်ပေါ်နေတဲ့ ပဋိပက္ခပြဿနာတွေက လူတိုင်းအပေါ် အနည်းအများ သက်ရောက်မှုရှိတယ်။ ဒါပေမယ့် အနာဂတ် ကလေးတွေ အတွက်ကတော့ စိတ်ဒဏ်ရာရစေတဲ့ ဖြစ်ရပ်တွေကို နားလည်ကျော်ဖြတ်နိုင်ဖို့က ခက်ခဲပါတယ်။ နိုင်ငံရေး အစာမကျေမှုတွေကို ခဏဖယ်ထားပြီး ပိုမိုမဆိုးဝါးစေရန် အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲစကားဝိုင်းတွေကို တိုင်းသူပြည်သား အားလုံးအတွက် အကောင်းမြင်တတ်ဖို့ လိုပါတယ်။

အင်္ဂလန်နိုင်ငံဟာ United Kingdom ဆိုပြီးဖွဲ့တယ်။ လူမျိုးစုတွေအကုန်လုံး မုန်းတီးမှုတွေဖယ်ပြီး သူတို့ တိုင်းပြည်နိုင်ငံ အကျိုးစီးပွား တည်ဆောက်ဖို့ ဘယ်လိုလုပ်မှာဆိုတဲ့ သဘောထားကြီးတယ်။ (၁၃၅) မျိုးသော တိုင်းသူပြည်သား တွေလည်း တိုင်းပြည်နိုင်ငံချစ်စိတ် ရှေ့တန်းတင်ပြီး ထူထောင်မယ်ဆိုရင် မြန်မာနိုင်ငံက နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိူင်တာ ကြာလှပြီအခုက တောင်းဆိုမှုတွေနဲ့ ဘာရမှလက်မှတ်ထိုးမယ်။ အချို့ကလည်း တချိန်အစိုးရက ကားတွေပေး ဘာတွေပေးနဲ့ အဲဒီဘက်ကို တော်တော်သဘောကျသွားတာ ထင်တယ်။ အဲ့ဒီပုံစံလုပ်ရင် အဲ့လူတွေအားလုံး သူတို့ဘာသာသူတို့ ဘေးရောက်သွားမှာ အတော်များများက တိုင်းပြည်ချစ်လို့ မဟုတ်ဘူး ရချင်လို့။ ရယူရေးက တည်ဆောက်ရေး မဟုတ်ဘူး။ အသာစံချင်သူသာများပြီး အနာခံချင်သူနည်းတဲ့ လူ့အဖွဲ့အစည်းက ဆုတ်ယုတ်ပျက်စီးခြင်းမှာသာ အဆုံးသတ်လိမ့်မယ်။ တောင်းဆိုမှုထက် ပေးဆပ်မှုနဲ့ တိုင်းပြည်နိုင်ငံကို တည်ဆောက်ရမှာ။ ပေးဆပ်မှုနဲ့တည်ဆောက်ရင် တိုင်းပြည် နိုင်ငံ တိုးတက်မယ်။ အဲ့လိုမဟုတ်ရင် ကမ္ဘာအလယ်မှာ နောက်ကျကျန်နေမှာ။ လက်ရှိ အုပ်ချုပ်သူတချို့ရဲ့ နိုင်ငံရေး ပရိယာယ်မကြွယ်ဝမှု၊ မပါးနပ်မှုတွေကလည်း ယုံကြည်မှုကို အထိုက်အလျောက် လျော့နည်းစေတယ်။

နောက်တစ်ချက်က မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ၈၇ ရာခိုင်နှုန်းရှိတယ်လို့ ကမ္ဘာ့မှတ်တမ်းတွေအရ သိရတယ်။ ဒီလို တိုင်းပြည်နိုင်ငံမှာ သံဃာတော် ဆရာတော်တွေဖြစ်တဲ့ ဘုန်းကြီးရဟန်းတွေနဲ့ လက်နက်မဲ့သာမန် အရပ်သား ပြည်သူတွေကို  ဦးတည်တိုက်ခိုက်ခံနေရတာ တိုင်းပြည်နိုင်ငံ အတွင်းမှာ သာမက ကမ္ဘာကပါ သိလာတယ်။ လူမျိုးတူ အချင်းချင်း လုပ်ကြံမှုတွေ၊ စိတ်ဓါတ်နဲ့ အသိတရားတွေ ခေါင်းပါး ရက်စက်လာမှုတွေကြောင့် အခြားဗုဒ္ဓဘာသာဝင် တိုင်းပြည်နိုင်ငံတွေရဲ့ အာရုံစိုက်ခြင်းကို ခံရတယ်။ ဘာကြောင့် ဒီလိုဖြစ်တာလဲ ဆိုတော့ အနော်ရထာခေတ်ကနေ ကုန်းဘောင်ခေတ်၊ လွတ်လပ်ရေး ရပြီးခေတ်ဦးအထိ တိုင်းသူပြည်သား အများစုက ဘုန်းကြီးကျောင်း ပညာရေးကို အဓိကအားထားရတယ်။ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် သက်ကြီးပိုင်းတွေက ဘုန်းကြီးကျောင်း ပညာရေးနဲ့ မကင်းသူတွေများတယ်။ (ဤနေရာတွင် မလိုအပ်၍ ချန်ထားခဲ့သော အကြောင်းအရာများကို နောက်ဆောင်းပါးတွင် ဖေါ်ပြမည်) နောက်လူတွေကတော့ ကင်းပါတယ်။ ပြောချင်တာက နှလုံးရည်လက်ရုံးရည်ပြည့်ဝပြီး သတ္တိရှိတာနဲ့ မိုက်ရိုင်းတာ မတူသလို  မိုက်တာနဲ့ရိုင်းတာလည်း မတူပါဘူး။ ကမ္ဘာပေါ်မှာ အယဉ်ကျေးဆုံး၊ရိုင်းပင်းကူညီမှု အရှိဆုံး၊ ပေးကမ်းစွန့်ကြဲလှူဒါန်းမှု အရက်ရောဆုံး တိုင်းပြည်နိုင်ငံအဖြစ် ကမ္ဘာက အသိအမှတ်ပြုခံထားရတဲ့ တိုင်းပြည်က နိုင်ငံသားတွေ အခုလို လူသားချင်းကိုယ်ခြင်းမစာ အကြမ်းဖက် သတ်ဖြတ်မှုတွေ ဖြစ်ပျက်နေတာကို အားလုံးကအထူး စိတ်ဝင်စားနေတယ်။ ဒါကို မန္တလေးတောင်မြို့ မဟာဂန္ဒာရုံဆရာတော်ကြီးရဲ့ အဆုံးအမနဲ့ပြောရရင် တို့မြေဌာနေ ရှေးအခါဆီဝယ်၊ မထေရ်အပေါင်း စံရာကျောင်းမှ၊ ငြိမ့်ညောင်းသာယာ မိတ်သဟာကို၊ ရပ်ရွာလူများ လွန်လေးစားတယ်။ ခုကာသို့နှယ် မဟုတ်ပေ၏၊  နယ်ပယ်စီးပွား သားသမီးတို့ ၊ ဘုန်းကြီးကျောင်းတွင် စာမသင်ပဲ၊ ပြင်ကလာသည့် စာပထွေးကို၊ အလေးဂရု အရေးပြု၏။ ပြောချင်တာက အရင်က လူသားအားလုံးအတွက် အကျိုးစီးပွား ပြုရာ မြတ်ဗုဒ္ဓဟောကြားခဲ့သည့် ပိဋကတ်ကို အခြေခံပြီး တိုင်းပြည်နိုင်ငံရဲ့ ကိစ္စအဝဝကို စဉ်းစားတွေးခေါ် တိုင်ပင်ဆုံးဖြတ် လုပ်ကိုင်တယ်။ ယနေ့ခေတ်က တိုင်းပြည်နိုင်ငံအားလုံး မလိုက်နာ မကျင့်သုံးတဲ့ ဒီမိုကရေစီကို အခြေခံတော့ မတူကွဲပြားတဲ့ ကိုယ်ပိုင် ရိုးရာဓလေ့၊ ယဉ်ကျေးမှုစာပေ၊  ဘာသာစကား၊ ကိုယ်ပိုင် အမွေအနှစ်တွေက ပြတိုက်ထဲ သိမ်းထားရမယ့် အခြေအနေမျိုး ဖြစ်နေတာ။ အခြား ကွာဟချက်တွေက ဘယ်လောက်အထိ ဖြစ်ပျက် လာနိူင်တယ်ဆိုတာ စဉ်းစားကြည့်ရင် အဖြေထွက်လာနိူင်တယ်။ အထက်က ဆိုခဲ့သလို ကိုယ်ပိုင်အမွေအနှစ်တွေကို တန်ဖိုးမထားပဲ သူများဟာတွေကို အတုယူ တန်ဖိုးထားမယ်ဆိုရင် ယနေ့ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပေါ်နေတဲ့ ဆိုးကျိုးတွေလည်း မလွဲမသွေလက်ခံ ရလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ လိုက်မမီနိူင်သေးတဲ့ အခြေခံနည်းပညာ  ဖွံ့ဖြိုးတိုးတတ်မှု အားနည်းချက်တွေ ရှိသလို လုံလောက်တဲ့ အသိအတတ်ပညာရှင် ပမာဏနဲ့ နိုင်ငံကြီးသားပီသမှု အားနည်းချက်တွေ၊ နိုင်ငံသားအချင်းချင်း စာနာတတ်တဲ့လူသားတွေ၊ လူသားတစ်ဦး တစ်ယောက်တိုင်းဆီရဲ့ လူ့ဂုဏ်သိက္ခာ စံသတ်မှတ်ချက်တွေ လိုက်နာကျင့်သုံးမှု အားနည်းနေလို့ပါ´´ဟု မြန်မာ့အရေး သုံးသပ်သူများက ဆိုသည်။

မြန်မာ့ပြည်တွင်းရေး ပဋိပက္ခပြဿနာများကြောင့်၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ခန့်ဟာ အရင်ကထက် ဆင်းရဲမွဲတေမှု မျဉ်းအောက်ရောက်ခြင်းကို ရင်ဆိုင်ရနိုင်ပြီး ကလေးသူငယ် ၅ သန်းခန့် အပါအဝင် အနည်းဆုံး လူဦးရေ ၁၄ သန်းကျော်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်မှာဖြစ်ပါတယ်။ ဒီအထဲကမှ ခြောက်သန်းကျော်အတွက် အရေးပေါ် အကူအညီတွေ လိုအပ်မယ်လို့ ကုလသမဂ္ဂမှ ခန့်မှန်းထားကြသည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ တွင်ထုတ်ပြန်သည့် မြန်မာနိုင်ငံအစိုးရနှင့် ကမ္ဘာ့ဘဏ်တို့၏ ပူးတွဲအစီရင်ခံစာ ဒုတိယတွဲတွင် မြန်မာလူဦးရေ ၁၅ ဒသမ ၈ သန်းသည် ဆင်းရဲနွမ်းပါးသည့် အခြေအနေဖြင့် နေထိုင်ရလျှက်ရှိကြောင်း သိရသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၁ ဒသမ ၈ သန်းရှိပြီး ဆင်းရဲနွမ်းပါးသူအရေအတွက်သည် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိလူဦးရေ၏ ၃၂ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့ထဲတွင် ကျေးလက်နေထိုင်သူ ၁၃ ဒသမ ၈ သန်းနှင့် မြို့ပြနေထိုင်သူ ၂ သန်းတို့ပါဝင်ကြောင်း ဖေါ်ပြထားသည်။ အဆိုပါ ကိန်းဂဏန်းများကို ခန့်မှန်းကြည့်ခြင်းဖြင့် အထူးစိုးရိမ်ဖွယ်ရာ ဖြစ်ချေသည်။ ဆင်းရဲနွမ်းပါးမှုအခြေအနေနှင့် စပ်လျဉ်းသည့် အကြောင်းအရာများအား ပိုမိုနားလည် သဘောပေါက်လာသည်နှင့်အညီ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် အလုံးစုံပါဝင်နိူင်သည့် ဖွံ့ဖြိုးရေးအတွက် တိုင်းပြည်နိုင်ငံတော်နှင့် ကြိုးပမ်းဆောင်ရွက်မှုများတွင် ကမ္ဘာ့ဘဏ်အနေဖြင့် အချိန်မီ အကောင်းဆုံးကူညီပံ့ပိုးနိူင်လျှင် တိုင်းရင်းသား ပြည်သူအားလုံး၏ စီးပွားရေးတိုးတက်မှုနှင့် အခွင့်အလမ်းများကို ဖန်တီးပေးနိူင်ရန်၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာမည့် သဘာဝကပ်ဘေးများအပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် နိုင်ငံသားတိုင်း သက်ရှည်ကျန်းမာစေမည့်စားနပ်ရိက္ခာ လုံလောက်စေရန် စသည်တို့အတွက် မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ဖေါ်ဆောင်နိူင်ရန် နိုင်ငံသားအားလုံးတွင် တာဝန်ရှိချေသည်။

နှစ်ပေါင်းများစွာဒေသတွင်း မငြိမ်းချမ်းမှုများကြောင့်လည်းကောင်း၊ စီးပွားရေးနှင့်အလုပ်အကိုင် အခွင့်အလမ်း ဝင်ငွေများ နည်းပါးလာခြင်းကြောင့် လည်းကောင်း၊ မြို့ပြပြည်သူများထက် ကျေးလက်ဒေသများရှိ ပြည်သူ များသည် အကြောင်းအမျိုးမျိုးတို့ကြောင့် ပညာရေးကိုဆုံးခန်းတိုင်အောင် သင်ယူပြီးမြောက်နိူင်ခြင်း မရှိသည်ကို ၂၀၁၉ ခုနှစ်ကြားဖြတ်သန်းခေါင်စာရင်းအရ ကိန်းဂဏန်းများသည် မြန်မာနိုင်ငံတွင်စုစုပေါင်း လူဦးရေ၏ တစ်ဝက်ကျော် အသက် ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသူ ၂၅ သန်းကျော်အထက်ရှိပြီး ၎င်းတို့အနက် အခြေခံ အလယ်တန်းပညာပြီးဆုံးသူဦးရေ ၁၈ ဒသမ ၂၆ သန်းကျော်၊ တက္ကသိုလ်ဘွဲ့ရ ၂ သန်းကျော်နှင့် အခြားဒီပလိုမာဘွဲ့ရ ၅ သိန်းကျော်ရှိကြောင်း သိရသည်။ အနာဂတ်ပညာရေးနှင့် ပတ်သက်၍ ဤကိန်းဂဏန်းအချက်အလက်သည် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုင်းပြည်နိုင်ငံ တည်ဆောက်ရာတွင် နိုင်ငံသားအားလုံး ပါဝင်နိူင်ရေးအတွက် အထူးလိုအပ်ကြောင်း သတိပြုစရာဖြစ်လာသည်။

လာမည့်ရွေးကောက်ပွဲသည် မိမိအနာဂတ်သာမက  မိမိမျိုးဆက်အနာဂတ်၊ မိမိတိုင်းပြည်နိုင်ငံ အနာဂတ်နှင့် မိမိတိုင်းပြည်နိုင်ငံသားများ၏ အနာဂတ်အတွက် အလွန်အရေးကြီးတဲ့ ရွေးကောက်ပွဲ ဖြစ်သောကြောင့် နိုင်ငံသားများအနေနှင့် မဲပေးခြင်းဖြင့် မိမိတာဝန်ကျေပွန်ကြဖို့ အထူးလိုအပ်ပေသည်။ ရွေးကောက်ခံ အစိုးရအနေဖြင့် ပြည်သူများနှင့်ထိတွေ့နေရသည့် ဝန်ကြီးဌာနများ စွမ်းဆောင်ရည်မြင့်မားလာရေး၊ ဦးစားပေး လုပ်ဆောင်ရန်လိုအပ်ပြီး အစိုးရ၏ပြုပြင်ပြောင်းလဲရေးများ၏ အနှစ်သာရကို ပြည်သူများ သိရှိခံစားနိူင်ရေး အတွက်လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို  မွမ်းမံပြင်ဆင်ခြင်း၊ ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံများအား ပြန်လည်ပြင်ဆင်ခြင်း၊ ပြည်သူများအတွက်လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများအား ပြဌါန်းပေးခြင်းတို့ကို ခွန်အားစိုက်ထုတ်လုပ်ကိုင်သင့်ပေသည်။

နိဂုံးချုပ်အနေဖြင့် အထက်ဖော်ပြပါ သဘောတရားကို အခြေခံပြီး တိုင်းပြည်နိုင်ငံအတွင်း နေ့စဉ် ဖြစ်ပျက် နေသမျှ အရာအားလုံးကို ဆင်ခြင်တုံတရားဖြင့် လုပ်ကိုင်ဆောင်ရွက်လျှင် လောက၌ ထိုဆင်ခြင်တုံတရားထက် မြတ်သောစိတ်ဓါတ်သည် မရှိခဲ့ချေ။ ထိုတရားနှင့်ပင် သစ္စာတရားလေးပါးကို သိမြင်နိုင်သည်။ ထိုတရားနှင့်ပင် အရာအားလုံးကို ပြီးမြောက်စေနိုင်ပေသည်။ ထို့ကြောင့် ဆင်ခြင်တုံတရားကို လက်လွတ်၍ မဖြစ်နိုင်ချေ။

မိုးမြင့်မောင်
ကိုးကား -ပြည်တွင်း/ပြည်ပ သတင်းများ
(ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်သည်)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။