Trending Now

ထိုင်ဝမ်ကို တရုတ်က ကျူးကျော်ဖို့ ပြင်ဆင်နေလား

Spread the love

ထိုင်ဝမ်ကို တရုတ်က ကျူးကျော်ဖို့ ပြင်ဆင်နေလား
—————————————————-
EPN
explainer ၊ သြဂုတ် ၅
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုဆီ ထိုင်ဝမ်ကို လာရောက်လည်ပတ်ပြီးနောက် တရုတ်နိုင်ငံက အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။
နန်စီပေလိုဆီ ထိုင်ဝမ်ကျွန်းသို့ လာရောက်လည်ပတ် မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံက ထိုင်ဝမ်အနီးတစ်ဝိုက်မှာ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပြီး ပဲ့ထိန်းဒုံးကျည် ပစ်ခတ်ကာ တွေ ပြုလုပ်ခဲ့တဲ့အပြင် တိုက်လေယာဉ်များစွာနဲ့ စစ်သင်္ဘော ဒါဇင်များစွာကို တပ်ဖြန့်ခဲ့ပါတယ်။
တရုတ်ပိုက်နက်အဖြစ် သတ်မှတ်ထားတဲ့ ထိုင်ဝမ်ကို ပေလိုစီ လာရောက်ခဲ့တဲ့အပေါ် တရုတ်က အမေရိကန် ရဲ့ မဆင်မခြင် နဲ့ တာဝန်မဲ့စွာ ရန်စမှုတစ်ခုလို့ ပေကျင်းက သတ်မှတ်ခဲ့ပြီး တရုတ်ရဲ့ “အချုပ်အခြာအာဏာ နဲ့ နယ်မြေ ဂုဏ်သိက္ခာ” ကို ထိန်းသိမ်းဖို့ အတွက် ကြာသပတေးနေ့က စတင်ပြီး တနင်္ဂနွေနေ့အထိ ကြာမြင့်မယ့် စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုဟာ ဒေသတွင်း တင်းမာမှုတွေကို မြင့်တက်စေခဲ့ပြီး ဂျပန်နိုင်ငံက တရုတ်တပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်အများအပြားဟာ ဂျပန်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) အတွင်း ကျရောက် ခဲ့တယ်လို့ ဆိုပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ကလည်း ဒီအခြေအနေဟာ တွက်ချက်မှု မှားယွင်းခြင်းကြောင့် ပြင်းထန်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ထိုင်ဝမ်သမ္မတက တရုတ်နိုင်ငံရဲ့ တစ်ဖက်သတ်အသုံးမကျသော စစ်ရေးဆောင်ရွက်မှုတွေကို အဆုံးသတ်ပေးဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို ကူညီတောင်ဆိုထားပြီး ထိုင်ဝမ်အနေနဲ့ ပဋိပက္ခတွေကို နှိုးဆွမှာမဟုတ်ပေမယ့် အချုပ်အခြာအာဏာ နဲ့ အမျိုးသားလုံခြုံရေးကိုတော့ အခိုင်အမာ ကာကွယ်သွားမယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ဘယ်လောက်ထိ စိုးရိမ်စရာ ကောင်းလဲ
—————————————————————————
တရုတ်ကမ်းရိုးတန်းကနေ ကီလိုမီတာ ၁၈၀ (၁၁၂ မိုင်) ကွာဝေးတဲ့ ထိုင်ဝမ်တစ်ဝိုက်က ဇုန်ခြောက်ခုမှာ ပင်လယ်ပြင် နဲ့ လေကြောင်းစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ တရုတ်အစိုးရမီဒီယာက ဖော်ပြခဲ့ပြီး စစ်ရေးလေ့ကျင့်မှုအတွင်းမှာ တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ နဲ့ စစ်သင်္ဘော ၁၀ စင်းတို့အပါအဝင် လေယာဉ်အစင်းရေ ၁၀၀ ကျော်ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
“စစ်ရေး ပဋိပက္ခတွေ ဖြစ်လာရင် လက်ရှိ အစမ်းလေ့ကျင့်နေတဲ့ စစ်ဆင်ရေး အစီအစဉ်တွေကို တိုက်ခိုက်ရေး စစ်ဆင်ရေးအဖြစ် ချက်ခြင်းပြောင်းလည်းသွားဖွယ် ရှိပါတယ်” လို့ တရုတ် ပြည်မကြီး စစ်ဘက်ဆိုင်ရာ လေ့လာသုံးသပ်သူ ရှောင်းပိုင်က ဆိုပါတယ်။
ထိုင်ဝမ်ကတော့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို ရှုတ်ချခဲ့ပြီး ထိုင်ဝမ်ရေပိုင်နက် တွေနဲ့ လေကြောင်း ပိုင်နက်တွေကိုပါ ပိတ်ဆို့ထားတဲ့အတွက်လည်း ထပ်မံရှုတ်ချခဲ့ပါတယ်။
တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုပထမနေ့မှာပဲ တရုတ်ဒုံးပျံတပ်ဖွဲ့တွေက ၁၉၉၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်ဝမ်တစ်ဝိုက်က ရေပြင်ထဲကို ပဲ့ထိန်းဒုံးကျည်အများအပြား ပစ်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ အဆိုရ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် ၁၁ စင်းဟာ Dongfeng အမျိုးအစား ပဲ့ထိန်းဒုံးကျည်တွေ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ဂျပန်ရဲ့ ရေပိုင်နက်အတွင်းကိုလည်း ဒုံးကျည်ငါးစင်းထက်မနည်း ကျရောက်ခဲ့တယ်လို့ ဂျပန်က ပြောကြားခဲ့ပြီး ယင်းလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး သံတမန်ရေးအရ ကန့်ကွက်မှုတွေကို ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့တယ်လို့ ဂျပန်က ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်အာဏာပိုင်များကလည်း အဆိုပါဒေသအတွင်းမှာ သွားလာနေတဲ့ သင်္ဘောတွေနဲ့ လေယာဉ်တွေကို အစားထိုးလမ်းကြောင်းရှာဖွေသွားလာကြဖို့ တိုက်တွန်းခဲ့ပြီး တိုင်ပေမြို့တော်က ပျံသန်းမှု ဒါဇင်များစွာကို ဖျက်သိမ်းခဲ့ရပါတယ်။ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကြောင့် တောင်ကိုရီးယားက လေကြောင်းလိုင်းတွေဟာလည်း ထိုင်ဝမ်ကို ပြေးဆွဲမှု ဆိုင်ငံထားရတယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။

တရုတ်က ထိုင်ဝမ်ကို ကျူးကျော်နိုင်လား
—————————————–
တရုတ်ရဲ့ မကြုံစဖူး စစ်ရေးလေ့ကျင့်မှုတွေကြောင့် ထိုင်ဝမ်ကို ကျူးကျော်ဖို့ ကြံရွယ်ခြင်း ရှိ၊ မရှိ မေးခွန်းတွေဟာ ပြန်လည် ရှင်သန်လာခဲ့ပြီး အထူးသဖြင့် တရုတ်အစိုးရပိုင် Global Times က အဆိုပါလေ့ကျင့်မှုဟာ ပြန်လည်ပေါင်းစည်းရေး အစမ်းလေ့ကျင့်မှုအဖြစ် ဖော်ပြခဲ့ပါတယ်။
တရုတ် နဲ့ အမေရိကန်တို့ဟာ ထိုင်ဝမ်စစ်ပွဲကို မလိုလားကြပေမယ့် “တရုတ်က အမေရိကန်နဲ့ ထိုင်ဝမ်ကို ဘေဂျင်းကို စိန်ခေါ်တဲ့ နောက်ထပ်အစီအမံတွေ မလုပ်ဖို့ သတိပေးနေတာဖြစ်ပါတယ်။ သူတို့က ထိုင်ဝမ်ကို ပိတ်ဆို့ထားဖို့ သူတို့ရဲ့ စစ်ရေးစွမ်းရည်ကို ပြသနေပါတယ်။ ဒါပေမယ့် သမ္မတ ရှီကျင့်ဖျင်က အမေရိကန်နဲ့ စစ်မဖြစ်လိုပါဘူး။ ဒီတော့ သူထိုင်ဝမ်ကို ကျူးကျော်ဖို့ ဆုံးဖြတ်ချက်မချရသေးဘူးလို့ ယူဆရပါတယ်။” လို့ US of German Marshall Fundက ဘွန်နီဂလက်ဆာ က ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့အင်အားအကြီးဆုံး တိုက်ခိုက်ရေးအင်အား နဲ့ စစ်တပ်ကို လျင်မြန်စွာ ခေတ်မီအောင် လုပ်ဆောင် ထားတဲ့ တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကို အင်အားသုံးသိမ်းပိုက်ဖို့ ကြိုးစားမယ်ဆိုလျှင်ပင် ထိုင်ဝမ်ကို သိမ်းယူဖို့ အခက်အခဲများစွာရှိနေတယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်ကို သိမ်းယူဖို့ စစ်သား တစ်သိန်းကျော်နဲ့ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ရမှာဖြစ်ပြီး ဖြတ်ကျော်နေစဉ်အတွင်းမှာ ထိုင်ဝမ်ရဲ့ ဝေဟင်နဲ့ ရေတပ်တို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ခက်ခဲစွာရင်ဆိုင်ရမယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါ့အပြင် တစ်ကယ်လို့ စစ်သားတွေဟာ ထိုင်ဝမ်ကမ်းရိုးတန်းကို အရောက်သွားနိုင်ခဲ့ပါက ထိုင်ဝမ်ရဲ့ ကြမ်းတမ်းတဲ့ ကန်းရိုးတန်းတွေကြောင့် သံချပ်ကာကားတွေ၊ တင့်ကားတွေ နဲ့ အမြောက်တွေကို ကမ်းပေါ်သယ်ဆောင်နိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။
ကျူးကျော်ဝင်ရောက်ခြင်းဟာ တရုတ် နဲ့ အမေရိကန်ကြားမှာ ပိုမိုကြီးမားသော ပဋိပက္ခကို ဖြစ်စေနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။ ထိုင်ဝမ်ကို သီးခြားပြည်နယ်တစ်ခုအဖြစ် အမေရိကန်က တရားဝင်အသိအမှတ်မပြုထားပေမယ့် ၁၉၇၉ ခုနှစ် ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေအရ ကျွန်းကိုကာကွယ်ဖို့ တာဝန်ရှိနေပါတယ်။

ပေလိုစီရဲ့ ခရီးစဉ်ဟာ တရုတ်အတွက် ပြသနာက ဘာလဲ
————————————————————-
တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC)ဟာ လူ ၂၃ သန်းနေထိုင်တဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်ရဲ့ ပိုင်နက်အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပါတယ်။
ဒါ့ကြောင့် တရုတ်အစိုးရက ထိုင်ဝမ်နဲပ အမေရိကန်တို့ ရဲ့ တရားဝင်အဆက်အသွယ်အားလုံးကို ပြတ်ပြတ်သားသား ကန့်ကွက်နေတဲ့ ကြားက အမေရိကန်ရဲ့ ထိပ်တန်းအရာရှိ ပေလိုစီရဲ့ ခရီးစဉ်ဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအဏာကို ချိုးဖောက်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က ဘိုင်ဒင်နဲ့ မကြာသေးမီက ဖုန်းခေါ်ဆိုမှုအတွင်း ထိုင်ဝမ် အရေးကိစ္စနဲ့ ပတ်သက်ပြီး မီးနဲ့ ကစားခြင်းမပြုလုပ်ဖို့ သတိပေးခဲ့ပြီး ထိုင်ဝမ်လွတ်လပ်ရေးကို ပြည်ပအင်အားစုတွေ ဝင်ရောက်စွက်ဖက်တာကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
ဒါ့ကြောင့် ပေလိုစီရဲ့ ခရီးစဉ်ဟာ ပေကျင်း နဲ့ ဝါရှင်တန်ကြား တင်းမာနေသော ဆက်ဆံရေးကို ပိုမိုထိခိုက်စေနိုင်ပြီး ရေလက်ကြားဖြတ်ကျော် တင်းမာမှုတွေ တိုးမြင့်လာနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
“အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံကြား ဆက်ဆံရေး အနိမ့်ဆုံးကို ရောက်နေတဲ့ အချိန် ပေလိုစီရဲ့ လုပ်ရပ်ဟာ တကယ့်ကို ဆိုးရွားတဲ့ လုပ်ရပ်ပါ။ ကမ္ဘာ့ကပ်ရောဂါ၊ ယူကရိန်းအကျပ်အတည်း၊ စွမ်းအင်အကျပ်အတည်းများစွာကို ရင်ဆိုင်နေရချိန်မှာ အခုလုပ်ရပ်ဟာ အမေရိကန်-တရုတ် ဆက်ဆံရေးကို ထိခိုက်စေရုံသာမက ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးကို ဆိုးရွားစွာ အကျပ်အတည်း ဖြစ်စေပါတယ်။ အနာဂတ်မှာ အကျိုးဆက်တွေ အများကြီးဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။” လို့ ပေကျင်းမှာရှိတဲ့ CAG စင်တာရဲ့ ဥက္ကဌ ဝမ်ဟွေ့ယောင် က ပြောကြားခဲ့ပါတယ်။

source – aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။