Trending Now

ငေါ့ချန်းမျိုးနွယ်စုများ၏ ရိုးရာစာပေယဉ်ကျေးမှုအိမ်တော်ရာအတွက် မြေနေရာရရှိထားပြီး ဖြစ်သော်လည်း ငွေကြေးအခက်အခဲကြောင့် တည်ဆောက်နိုင်ခြင်းမရှိသေး

Spread the love

ငေါ့ချန်းမျိုးနွယ်စုများ၏ ရိုးရာစာပေယဉ်ကျေးမှုအိမ်တော်ရာအတွက် မြေနေရာရရှိထားပြီး ဖြစ်သော်လည်း ငွေကြေးအခက်အခဲကြောင့် တည်ဆောက်နိုင်ခြင်းမရှိသေး

EPN
မြစ်ကြီးနား၊ မတ် ၁

ငေါ့ချန်းမျိုးနွယ်စုများ၏ ရိုးရာစာပေယဉ်ကျေးမှုအိမ်တော်ရာအတွက် မြေနေရာရရှိထားပြီး ဖြစ်သော်လည်း ငွေကြေးအခက်အခဲကြောင့် တည်ဆောက်နိုင်ခြင်းမရှိသေးကြောင်း ငေါ့ချန်းရိုးရာစာပေယဉ်ကျေးမှုဗဟိုကော်မတီမှ သိရသည်။

ငေါ့ချန်းမျိုးနွယ်စုများ၏ ရိုးရာစာပေယဉ်ကျေးမှုအိမ်တော်ရာ ဆောက်လုပ်ရန်အတွက် လွန်ခဲ့သည့် ရှစ်နှစ်ခန့်ကတည်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် နန်ကျင်ကျေးရွာအတွင်း ‌မြေသုံးဧကကျော် ဝယ်ယူထားပြီး ဖြစ်သော်လည်း ငွေကြေးအခက်အခဲကြောင့် ယနေ့အထိ အကောင်အထည်ဖော် တည်ဆောက်နိုင်ခြင်း မရှိသေးကြောင်း ငေါ့ချန်းရိုးရာစာပေယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဌ ဦးလန်းဘောမ်က ပြောပြသည်။

“ကျွန်တော်တို့ မျိုးနွယ်စု ငေါ့ချန်းရိုးရာစာပေယဉ်ကျေးမှုအိမ်တော်ဆောက်လုပ်ဖို့ မြေနေရာတော့ ဝယ်ထားပြီးပါပြီ လွန်ခဲ့တဲ့ ၈နှစ်လောက်ကပေါ့ ငွေကြေးအခက်အခဲတွေကြောင့် ဆက်လက်အကောင်အထည်မဖော်ရသေးဘူး အခြားမျိုးနွယ်စုတွေအနေနဲ့လည်း ပါဝင်ကူညီပေးမယ်ဆိုရင်တော့ ဝမ်းသာတာပေါ့ ကျွန်တော်တို့မျိုးနွယ်စုက အခြားမျိုးနွယ်စုတွေထက် လူနည်းစုတစ်ခုလည်းဖြစ်တယ် အိမ်တော်ဆောက်လုပ်ဖို့ ငွေကြေးအခက်အခဲတွေတော့ ရှိနေတယ် “ဟု ၎င်းက ဆိုသည်။

အဆိုပါ ငေါ့ချန်းမျိုးနွယ်စုများ၏ ရိုးရာစာပေယဉ်ကျေးမှု အိမ်တော်ရာ တည်ဆောက်နိုင်ပါက ပြတိုက်ဖွင့်လှစ်ပြီး တိမ်မြှုပ်နေသည့် ငေါ့ချမ်းမျိုးနွယ်စုများ၏ ရိုးရာ ယဉ်ကျေးမှုများကို ဖော်ထုတ်နိုင်မည် ဖြစ်သည့်အပြင် ဝေးလံခေါင်ဖျား တောင်ပေါ်ဒေသက ငေါ့ချမ်းကျောင်းသား လူငယ်များ မြို့ပေါ် တက်ရောက် ပညာသင်ကြားကြရာတွင် နေထိုင်နိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုသည်။

“ငေါ့ချန်းမျိုးနွယ်စု ရိုးရာစာပေယဉ်ကျေးမှုအိမ်တော်ရာ တည်ဆောက်ပြီးစီးပါက ရိုးရာစာပေတွေ ပြတိုက်အဖြစ် ဖွင့်ထားမယ် နောက်ပြီး တောင်ပေါ်ဒေသက ငေါ့ချန်း ကျောင်းသားကျောင်းများအတွက် အဆောင်သဘောမျိုးနေလို့ရမယ်နောက်ပြီး ငွေကြေးအဆင်ပြေလာရင်တော့အမြန်ဆုံး လုပ်ဆောင်သွားမယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ အိမ်တော်ရာ ဆောက်လုပ်နိုင်မည်ဆိုပါက မျိုးနွယ်စု ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်နိုင်မည်ဖြစ်ပြီးမျိုးနွယ်စု၏ ပုံရိပ်မြင့်တင်ရာ ရောက်မည် ဖြစ်၍ မျိုးနွယ်စုခေါင်းဆောင်များနှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်များကလည်း ယင်းအိမ်တော်ရာ ဆောက်လုပ်နိုင်ရေး အမြန်ဆုံး ကူညီဆောင်ရွက်ပေးစေလိုကြောင်း ငေါ့ချန်းလူငယ်များကလည်း လိုလားနေကြသည်။

ငေါ့ချန်းမျိုးနွယ်စုများ၏ ဇာတိမြေမှာ ချီဖွေမြို့နယ် ဖီမော်၊ ထန်းဒုံ၊ ကလန် စသည့်ဒေသများဖြစ်ပြီး ယခုအချိန်အခါတွင် အခြားမြို့ရွာ တိုင်း/ပြည်နယ် များတွင်ပျံ့နှံ့နေထိုင်လျှက်ရှိကာ ငေါ့ချမ်းမျိုးနွယ်စု လူဦးရေ တစ်သောင်းဝန်းကျင် ရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။