Trending Now

ပြည်ပမှ လျှပ်စစ်ကားများ တင်သွင်းမည့်ကုမ္ပဏီများ လိုက်နာရမည့် သတ်မှတ်ချက်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

Spread the love

ပြည်ပမှ လျှပ်စစ်ကားများ တင်သွင်းမည့်ကုမ္ပဏီများ လိုက်နာရမည့် သတ်မှတ်ချက်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

EPN

မြစ်ကြီးနား ၊ နိုဝင်ဘာ ၁၇

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ ပြည်ပမှ လျှပ်စစ်ကားများ တင်သွင်းမည့်ကုမ္ပဏီများအနေဖြင့် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ကြေညာထားသည်။

လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် အစပျိုးစမ်းသပ်ကာလ(Pilot Project) အတွင်း ပြည်ပမှ လျှပ်စစ်သုံးယာဉ်များ တင်သွင်းခြင်းအတွက် လိုက်နာရမည့်စည်းကမ်းချက်များကို ဝန်ကြီးဌာန က သတ်မှတ်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားဖြစ်စေ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ် ဆောင်ရွက်ခြင်းဖြင့်ဖြစ်စေ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ရမည်ဟု ဝန်ကြီးဌာနက ဖော်ပြထားသည်။

ထို့ပြင် တင်သွင်းမည့် လျှပ်စစ်သုံးယာဉ်၏ အမှတ်တံဆိပ်(Brand) တစ်ခုစီအတွက် ရောင်းချသည့် ကုမ္ပဏီနှင့်ချုပ်ဆိုထားသည့် အရောင်းအဝယ်သဘောတူစာချုပ် တင်ပြနိုင်သူဖြစ်ရမည်ဟုလည်း သတ်မှတ်ထားသည်။

အလားတူ ပြည်ပမှ လျှပ်စစ်ကားတင်သွင်းမည့် ကုမ္ပဏီအနေဖြင့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ရရှိပြီးဖြစ်ရမည်ဖြစ်ပြီး ခွင့်ပြုထားသည့် အစီးအရေအတွက်အတိုင်းသာ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် တင်သွင်းမည့်ကုမ္ပဏီသည် ဗဟိုဘဏ်က အသိအမှတ်ပြုသည့်ဘဏ်တွင် မြန်မာငွေကျပ်သိန်း (၅၀၀) ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက်တင်ပြရမည်ဟုလည်း ဝန်ကြီးဌာနက သတ်မှတ်ထားသည်။

ယခုစည်းကမ်းသတ်မှတ်ချက်အမိန့်ကြော်ငြာစာသည် လျှပ်စစ်သုံးလူစီးယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့အကျုံးဝင်ပြီး BEV (Battery Electric Vehicle) ယာဉ်များသာဖြစ်ရမည်ဟု ဝန်ကြီးဌာနက ပြောဆိုထားသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။