Trending Now

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် တစ်လအတွင်း ချိပ်ပိတ်သိမ်းဆည်းခံရသည့် လူနေအိမ် ၂၁ လုံးအထိရှိခဲ့

Spread the love

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် တစ်လအတွင်း ချိပ်ပိတ်သိမ်းဆည်းခံရသည့် လူနေအိမ် ၂၁ လုံးအထိရှိခဲ့

EPN
ဧရာဝတီ၊ ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် တစ်လအတွင်း တရားမဝင် အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်မှု ရှိသည်ဟုဆိုကာ လူနေအိမ် ၂၁ လုံးအထိ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်မှ ၃၀ ရက်နေ့အထိ တစ်လအတွင်း ဧရာဝတီတိုင်းဒေသကြီးမှ လူနေအိမ် ၂၁ လုံးအထိ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရပြီး ယင်းချိပ်ပိတ်သိမ်းဆည်းခံရသည့် လူနေအိမ် ၂၁ လုံးထဲတွင် စီးပွားရေးလုပ်ငန်းရှင် ၈ ဦး၏ လူနေအိမ် ၉ လုံးအထိပါဝင်ကြောင်း တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။

” ချိပ်ပိတ်ခံရတဲ့ နေအိမ်တွေက CDM ပြုလုပ်ထားတဲ့ ပညာရေးဝန်ထမ်း ၉ ယောက်အိမ်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင် ၉ ယောက်ရဲ့နေအိမ်တွေပါတယ်။ ကျန်တာက အရပ်သားတွေရဲ့ အိမ်တွေပါ။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ချိပ်ပိတ်တာပါ။ အကုန်ဆို အိမ်အလုံးရေ ၂၁ လုံးအထိ ရှိခဲ့တယ်။ တရားမဝင်တဲ့ အဖွဲ့အစည်းတွေ အသင်းတွေနဲ့ ပတ်သက်တယ်ဆိုပြီး ချိပ်ပိတ်တာ။ ချိပ်ပိတ်တဲ့အချိန် နေအိမ်မှာ လူတွေရှိနေရင်တစ်ခါတည်း ဖယ်ရှားသွားပါတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ နေအိမ်များကို ရဲတပ်ဖွဲ့၊ တပ်နှင့် အခြားတာဝန်ရှိသူများက ကွင်းဆင်းလာရောက် ချိပ်ပိတ်ခဲ့ပြီး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများနှင့်အညီ ချိပ်ပိတ်သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု နေအိမ်များတွင်ကပ်ထားသည့် ဗီနိုင်းများပေါ်တွင် ရေးသားထားကြောင်း အဆိုပါ ကိစ္စများကို လိုက်ပါဆောင်ရွက်ပေးနေသည် တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။

” ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ အိမ်တွေတော်တော်များများရှိတယ်။အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေအရ စစ်ဆေးပေါ်ပေါက်လို့ ငြိစွန်းနေတဲ့အတွက် နည်းဥပဒေအရ သိမ်းဆီးရတာလို့ဆိုပြီး ချိပ်ပိတ်တာတွေ့ရတယ်။ ဥပဒေကြောင်းအရ ပြန်လည်ခုခံ ချေပတင်ပြ တောင်းယူထားတာ ရှိပါတယ်။ ဒီနေ့အထိတော့ဘာမှ မသိရသေးပါဘူး ” ဟု ၎င်းကပြောသည်။

အဆိုပါ တစ်လအတွင်း ချိပ်ပိတ်ခံရသည့် နေအိမ်များသည် ဘိုကလေးမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ပုသိမ်မြို့နယ်၊ ဝါးခယ်မမြို့နယ်နှင့် မအူပင်မြို့နယ်တို့မှ လူနေအိမ်များ အများ ဆုံးပါဝင်ကာ ချိတ်ပိတ်ခံရသည့် နေအိမ်များ၏ ပတ်ဝန်း ကျင် အိမ်နီးချင်းများကို ချိပ်ပိတ်ထားသည့် နေအိမ်ပိုင်ရှင်များ အိမ်ကိုပြန်လည်ရောက်ရှိလာပါက တွေ့ရှိလျှင် ချက်ချင်းအကြောင်းကြားပေးရမည်ဟု မှာကြားထားကြောင်း သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။