Trending Now

မြန်မာနိုင်ငံတွင် အကူအညီလိုအပ်နေသည့် ဒုက္ခသည် ၁၃ သန်းကျော်အတွက် အတားအဆီးမရှိ ဝင်ရောက်ကူညီခွင့် ပြုရန်လိုအပ်ဟု ပြင်သစ်သံရုံးထုတ်ပြန်

Spread the love

မြန်မာနိုင်ငံတွင် အကူအညီလိုအပ်နေသည့် ဒုက္ခသည် ၁၃ သန်းကျော်အတွက် အတားအဆီးမရှိ ဝင်ရောက်ကူညီခွင့် ပြုရန်လိုအပ်ဟု ပြင်သစ်သံရုံးထုတ်ပြန်

EPN
မြစ်ကြီးနား၊ သြဂုတ် ၁၉

မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခကြောင့် အကူအညီလိုအပ်နေသည့် ဒုက္ခသည် ၁၃ သန်းကျော်အတွက် အတားအဆီးမရှိ ဝင်ရောက်ကူညီခွင့်ပြုရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက ယနေ့ သြဂုတ်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနေ့တွင် ထုတ်ပြန်ထားသည်။

ပဋိပက္ခကြောင့် အကူအညီလိုအပ်နေသူများထံသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးအပ်နိုင်ရန်အတွက် NGO များနှင့် အရပ်ဘက်အဖွဲ့အစည်းများအား လွတ်လပ်စွာအတားအဆီးမရှိ ဝင်ရောက်ကူညီခွင့်ပြုရန် နှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို လေးစားလိုက်နာရန် မဖြစ်မနေလိုအပ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိမြန်မာနိုင်ငံတွင် မြန်မာနိုင်ငံတွင် အကူအညီလိုအပ် နေသည့် လူပေါင်း (၁၃) သန်းကျော်ရှိနေပြီး ရွှေ့ပြောင်းဒုက္ခသည် (၁) သန်းကျော်နှင့် လူဦးရေ၏ (၄၀) ရာခိုင်နှုန်းနီးပါးသည် ဆင်းရဲနွမ်းပါးမှုမျဉ်း အောက်၌ရှိနေသည့်အတွက် အကူအညီများလိုအပ်နေသည်ဟု ဆိုသည်။

ပြင်သစ် NGO များနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏အကူအညီဖြင့် အထူးသဖြင့် အရေးပေါ် စားနပ်ရိက္ခာဝေငှမှု၊ ရွှေ့ပြောင်းနေထိုင်သူများ အတွက် သောက်သုံးရေရရှိရေးအတွက် ၂၀၂၂-ခုနှစ်တွင် ပြင်သစ်နိုင်ငံသည် ယူရိုငွေ- ၄ သန်းကို သုံးစွဲရန် ကတိပြုခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီး/ပြည်နယ် ၆-ခုကျော်တွင် လူပေါင်း (၄၀၀,၀၀၀) ကျော်အတွက် ဆေးဝါးကုသမှု့ နှင့် စိတ်ပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်မှုကိုလည်း ပေးဆောင်နိုင်ခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။