Trending Now

ဖားကန့်မြို့နယ်၊ နန့်တိန်းတပ်စခန်းအနီးတွင် တပ်မတော်နှင့် KIA လက်နက်ကိုင်အဖွဲ့ တိုက်ပွဲပြင်းထန်

Spread the love

ဖားကန့်မြို့နယ်၊ နန့်တိန်းတပ်စခန်းအနီးတွင် တပ်မတော်နှင့် KIA လက်နက်ကိုင်အဖွဲ့ တိုက်ပွဲပြင်းထန်

EPN
ဖားကန့်၊ ဖေဖော်ဝါရီ ၆ (၂၀၂၄)

ဖားကန့်မြို့နယ်၊ နန့်တိန်းတပ်စခန်းအနီးတွင် ယမန်နေ့ ညနေ ၅နာရီ အချိန်ခန့်က စ၍ တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

နန့်တိန်းတပ်မတော်စခန်းအား KIA၊ PDF ပူးပေါင်းအဖွဲ့မှ ပြီးခဲ့သည့် လအတွင်းကစ၍ လူအင်အား လက်နက်အင်အား အလုံးအရင်းသုံး၍ တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် တပ်စခန်းကုန်း သိမ်းပိုက်ခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခြင်းများပြုလုပ်ခဲ့ပြီး၊ ယမန်နေ့တွင် တပ်မတော်မှ အဆိုပါ နန့်တိန်းစခန်းအား ပြန်လည် တိုက်ယူနေခြင်းကြောင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း လုံးခင်းကျေးရွာနေသူ ဒေသခံတစ်ဦးက ဆိုသည်။

” တပ်မတော်က ပြန်တိုက်ယူမှာပဲ အဲ့စခန်းက မိန်းကျတယ်။ ဘာလို့လည်းဆိုတော့ မြစ်ကြီးနား – ဖားကန့်သွားတဲ့ မိန်းလမ်းဖြစ်လို့ ပေးမှာတော့ မဟုတ်လောက်ဘူး။ အဲ့ဒါကြောင့် ဖားကန့်ဗျူဟာကုန်းကနေ မနေ့ညနေပိုင်းထဲက လက်နက်ကြီးပစ်ကူပေးပြီး ပြန်ချနေတာ ” ဟု ၎င်းကသုံးသပ်ပြောသည်။

ယမန်နေ့၊ ညနေ ၅နာရီအချိန်ခန့်တွင် နန့်တိန်းတပ်စခန်းကုန်းအနီးရှိ ကျောက်ဖျာဘက်တွင်လည်း တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ တို့ကြား ပစ်ခတ်မှု များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများ ဖြစ်ပွားလာခြင်းကြောင့် ဖားကန့်မြို့ပေါ် ရှိ ကျောက်မျက်ရုံးအနီးတွင်လည်း ပစ်ခတ်သံများကြားရပြီး၊ ဖားကန့်မြို့နယ် အတွင်း၌လည်း ညစဉ်သေနတ်သံများ၊ လက်နက်ကြီးသံများ မကြာခဏ ပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ အချိန်တွင် ယင်းတိုက်ပွဲများကြောင့် မြစ်ကြီးနား – ဖားကန့် ကားလမ်းပိုင်း ဖြတ်သန်းသွားခွင့်အား ယာယီပိတ်ပင်ထားသည့်အတွက် ဖားကန့်မြို့ပေါ် ရှိ ဒေသခံပြည်သူများ အနေဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာမည်ကို စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

ပိုင်ကြီး

Photo – Crd


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။